နေပြည်တော် ဩဂုတ် ၂၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) စီမံကိန်းအရ “မြန်မာနိုင်ငံရှိ အသေးစားချေးငွေ လုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်များ ဖြစ်ပေါ်ရေးအလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်များမှဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်နိုင်ငံ ၅ နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မဲခေါင်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုဖြစ်ကြောင်း။
ယခု မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)စီမံကိန်းကို ၂၀၂၂ ခုနှစ် ဧပြီလမှ ယခုနှစ် စက်တင်ဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည့် အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်၏အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။
ဆွေးနွေးပွဲတွင် သမဝါယမအသေးစားချေးငွေ လုပ်ငန်းနှင့်ပတ်သက်ပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ သမဝါယမအသင်းများ၏ အသေးစားချေးငွေ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အလိုက် အသေးစားချေးငွေ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များ၊ သမဝါယမအသင်းများ ပိုမိုကောင်းမွန်စွာ ရပ်တည်ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို နှီးနှောဖလှယ်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ဒုတိယဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယပိုင်း အစီအစဉ်အဖြစ် CBC Myanmar Microfinance မှ Managing Director နှင့် Chief Operating Officer ၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်း စုချုပ်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက မေးခွန်းများမေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သုံးသပ်အမှာစကားပြောကြားသည်။
သတင်းစဉ်