နေပြည်တော် ဩဂုတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အကျိုးရှိစွာပြန်လည်အသုံးချ
ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းတွင် သင်ကြားခဲ့သည့်ဘာသာရပ်များသာမက ပိုမိုသစ်လွင်ကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကို အမြဲလေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းတွင် အကျိုးရှိစွာ ပြန်လည်အသုံးချပြီးဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ ပေါက်မြောက်အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်ကြစေလိုကြောင်း၊ မိမိတို့တာဝန်ကျရာဒေသမှ ဒေသခံပြည်သူများ အမှန်တကယ်အကျိုးရှိအောင်၊ အကျိုးပြုအောင် လုပ်ဆောင်နိုင်သည့် ဒုတိယဦးစီးမှူးများနှင့် စာကြည့်တိုက်တာဝန်ခံများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။
သင်တန်းဆင်းလက်မှတ်များပေးအပ်
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင်ထံ ပေးအပ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မူဝါဒနှင့်အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်သုံးမည့် ဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များနှင့် ဒုတိယဦးစီးမှူးများ၏ လုပ်ငန်းတာဝန်များကို သိရှိလိုက်နာပြီး ဌာန၏လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃)ကို သုံးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းသားသင်တန်းသူ ၃၁ ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်