Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် အဖိတ်နေ့နှင့် ဥပုသ်နေ့များ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော် ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

အဖိတ်နေ့နှင့် ဥပုသ်နေ့ဖြစ်သော ဩဂုတ် ၂၃ ရက်နှင့် ယနေ့တို့တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီအဆူ ၇၂၀ တို့အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းများဆောင်ရွက်၍ ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြည်ညိုကြသည့် ဘိုးဘွား များအား ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန် အခက်အခဲဖြစ်သည့် ဘိုးဘွားများအား အဆင်ပြေစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အခမဲ့လာရောက် ဖူးမြော်ကြည်ညိုနိုင်ရန် စက်တင်ဘာ ၃ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်