Skip to main content

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၃

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission Mr. Dragan Aleksoskiနှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် IOM တို့အကြား MoU ရေးထိုးရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး IOM နှင့် ရွှေ့ပြောင်းအလုပ် သမားရေးရာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ Chief of Mission Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

သတင်းစဉ်