Skip to main content

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ထိုးနှံပေးမည်

နေပြည်တော် ဩဂုတ် ၂၂

အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေနှင့် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ပါမောက္ခဒေါက်တာအေးထွန်း၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်သတင်းနည်းပညာဌာနမှ ဌာနမှူး၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်မှ တပ်မှူး၊ နှီးနွှယ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိသူများ၊ WHO၊ UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူရန် အကျုံးဝင်သော မိန်းကလေးငယ်များကို စာရင်းကောက်ယူခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းခံယူမည့် မိန်းကလေးငယ်များအား ဖိတ်ကြားလွှာပေးပို့ပြီး မိဘ/ အုပ်ထိန်းသူများ၏ သဘောတူညီချက်ရယူခြင်း၊ ကာကွယ်ဆေး ထိုးစုရပ်ပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံသည့်နေရာများ စနစ်တကျရှိရန် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံချိန်တွင် လိုအပ်သည်များကို ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာ တစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် ၁၃ ဒသမ ၃ ဦး ရှိ ကြောင်းနှင့် ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒသမဦး ရှိကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ပြီး ၎င်းနိုင်ငံများတွင်ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားနေသည်ကို တွေ့ရကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ ထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားစေသည့် Human Papilloma Virus(HPV) သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းအထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကိုပြသပြီး အခမ်းအနားသို့တက်ရောက်လာသူများက ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုကြသည်။

ပေးအပ်

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမသို့သွားရောက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲကာကွယ်ဆေးထိုးလုပ်ငန်း ဌာနခွဲနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော မိန်းကလေးငယ် ၁၄၆ ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက်အရ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အရှေ့တောင်အာရှနိုင်ငံ များတွင် မြန်မာနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးအစီအစဉ်များတွင် ထည့်သွင်းထိုးနှံပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ၁၃ မျိုးမြောက်ထိုးနှံပေးသည့် ကာကွယ်ဆေးဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ ခြင်းအစီအစဉ်ကို ဩဂုတ်လနှင့် စက်တင်ဘာလ တွင်ကျောင်းအခြေပြု ထိုးနှံပေးခြင်းဖြစ်ပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြုထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်