နေပြည်တော် ဩဂုတ် ၂၂
စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် သီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများ၌ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် တောင်သူများ၏ပူးပေါင်းပါဝင်မှုသည် အဓိကကျကြောင်း ယမန်နေ့ကဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ဒေသနေတောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ စံပြစိုက်ကွင်းတွင် နည်းပညာပြန့်ပွားရေးစင်တာ ဧက ၁၀၀ စံပြစိုက်ကွင်း၏ မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုကိုလည်းကောင်း၊ ဖျာပုံမြို့နယ် ကျုံတာရှမ်းကွင်းရှိ စီးပွားဖြစ် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ်စိုက်ပျိုးထားသည့် မိုးစပါးစိုက်ကွင်း၏ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တောင်သူများ ဝင်ငွေတိုးပွားရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရန် လိုအပ်ချက်များ၊ ဒေသနေပြည်သူတစ်ဦးချင်း၏ ဝင်ငွေနှင့်လူနေမှုဘဝမြင့်မားရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဖျာပုံမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဇင်းဘောင်ဧည့်ရိပ်သာ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လယ်ယာ ကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခေတ်မီနည်းပညာများ လိုက်နာကျင့်သုံးမှု တိုးပွားလာရေးနှင့် သီးထပ်စွမ်းအားမြင့်မား လာရေးအသိပညာပေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက်ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနငါးသင်တန်း ကျောင်း(ဖျာပုံ)၌ ရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ငါးဖမ်းထုတ်လုပ်ခြင်းဆိုင်ရာ တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice – GAqP) အပါအဝင် ခေတ်မီနည်းပညာ အသုံးပြုသည့် ငါး၊ ပုစွန်မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်ရှိ ChaoYang International Co.,Ltd ၏ ငါးရှဉ့်နှင့်ကဏန်း ပြုပြင်ထုပ်ပိုးနေမှုနှင့် ပြည်ပဈေးကွက်သို့ လေကြောင်းလမ်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှတင်ပို့ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်ချဲ့ထွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်