Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကီလိုမီတာ ၅၀ ခရီးရှည်ပြိုင်ပွဲ အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဩဂုတ် ၂၀

အိုလံပစ်အားကစားနည်းတစ်ခုဖြစ်သည့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး၊ မြင်းစီးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FEI One Star Endurance Qualification Round 1 (ကီလိုမီတာ ၅၀ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။

တက်ရောက်

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်အမှုဆောင်များ၊ မြင်းစီးကလပ်အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် မြင်းစီးအားကစားသမားဟောင်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက (ကီလိုမီတာ ၅၀ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲကို တာလွတ်ပေးပြီး ပြည်ထောင်စုဝန်ကြီးသည် မြင်းများထားရှိသည့် မြင်းဇောင်းနေရာများကို ကြည့်ရှုစစ်ဆေးကာ မြင်းများစနစ်တကျထားရှိနိုင်ရေးနှင့် အဆောက်အအုံများကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် မြင်းစီးအားကစားသမားများသည် (၂၅ ကီလိုမီတာ) ယှဉ်ပြိုင်စီးနင်း၍ ပထမအကျော့ပန်းဝင်ခဲ့ကြပြီး သတ်မှတ်ထားသည့် Water point နေရာများတွင် မြင်း၏ခံနိုင်ရည်အားနှင့် နှလုံးခုန်နှုန်းကို စစ်ဆေးကာဒုတိယအကျော့ (၂၅ ကီလိုမီတာ) ထပ်မံယှဉ်ပြိုင်စီးနင်းကြသည်။

ယင်းနောက် (ကီလိုမီတာ ၅၀ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲတွင် MEIkTILA RIDING CLUB၊ MO RIDING CLUB၊ NAY PYI TAW RIDING CLUB၊ YECC RIDING CLUB တို့မှ ပြိုင်ပွဲဝင်အားကစား သမား အတွဲ(၂၃)တွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပေးအပ်ချီးမြှင့်

ထို့နောက် အောင်လက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး (ကီလိုမီတာ ၅၀ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲ အောင်မြင်ခဲ့သည့် မြင်းနှင့်အားကစားသမား အတွဲ(၁၄)တွဲကို တာဝန်ရှိသူများက အောင်လက်မှတ်များပေးအပ်ချီးမြှင့်ကြသည်။

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် မြင်းနှင့်အားကစားသမားများအား One Star အဆင့် ရရှိစေရေးအတွက် ခရီးရှည်မြင်းစီးပြိုင်ပွဲကို ယခုပြိုင်ပွဲအပါအဝင် လေးကြိမ်ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်