နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ငွေကြေးအမျိုးအစား(၇)မျိုး (အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း) တို့အား ရောင်းဝယ်ရန် ခွင့်ပြုထားပါသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ (Debit Card နှင့် Credit Card) အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ ငွေသား) ရောင်းချခြင်းကို (၃၁-၅-၂၀၂၃) ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်/ထွက်ခွာ) ဘဏ်ကောင်တာ ၃ ခုတွင် AD လိုင်စင်ရဘဏ်များမှ နေ့စဉ်အလှည့်ကျရောင်းချသွားမည်ဖြစ်ပါသည်။ လေဆိပ်ကောင်တာများအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသားရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူရရှိနိုင်သည့် ဘဏ်ကောင်တာများမှာ ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL ၊ CB Bank PCL ၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့ဖြစ်ပြီး အဆိုပါကောင်တာများတွင် ဝယ်ယူနိုင်ကြောင်းကိုလည်းဘဏ်များ၏ Website နှင့် Facebook Page များတွင် ကြေညာထားပါသည်။