Skip to main content

ကမ္ဘာမှာတစ်ဆူပဲရှိတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရတာ အလွန်ကို ဝမ်းသာပီတိဖြစ်မိပါတယ်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိရာ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရခဲ့သည့် ဝမ်းသာပီတိရင်တွင်းခံစားချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။

ဦးအာစိဏ္ဏ (ရမည်းသင်းမြို့နယ်)

ဘုရားကြီး စတည်ကတည်းက လာရောက်ဖူးမြော်ချင်ခဲ့တာပါ။ ခရီးသွားရင်တော့ အမြန်လမ်းကနေ လှမ်းပြီးဖူးနေခဲ့ရပါတယ်။ စကျင်ကျောက်တုံးကြီးတွေ သယ်တုန်းကလည်း တံတားဦးတိုးဂိတ်မှာ နှစ်ခါလောက်ဖူးခဲ့ရတယ်။ အဲဒီအချိန်ကတည်းက အားရဝမ်းသာရှိနေခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဉာဏ်တော် ဒီလောက်မြင့်တဲ့ ကျောက်ဆစ်ဘုရားကြီး မမြင်ဘူးဖူး။ ရှိလည်းမရှိခဲ့ပါဘူး။ ဒါကြောင့် ဒီလိုဘုရားမျိုးဟာ ဒီတစ်ဆူပဲရှိတဲ့အတွက် အလွန်ကိုဝမ်းသာပီတိဖြစ်မိပါတယ်။ ကမ္ဘာမှာလည်း ကျော်ကြားနေပါပြီ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဒီဘုရားကြီးနဲ့ပတ်သက်လို့ ကမ္ဘာမှာ လူသိများနေပါပြီ။ နိုင်ငံတော်အစိုးရကလည်း အားကြိုးမာန်တက်နဲ့ ဗုဒ္ဓဘာသာတည်တံ့နိုင်အောင် ထုဆစ်ပူဇော်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သတင်းစာနဲ့ရုပ်မြင်သံကြားတွေမှာလည်း ဘုရားကြီးအား စည်ကားများပြားစွာ လာရောက်ဖူးမြော်ကြတယ်ဆိုတာကို နေ့စဉ်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် လာဖြစ်အောင်ကို လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ဘုရားကြီးကို တည်ဆောက်ပူဇော် ပေးကြသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ မကြာခဏ လာရောက်ဖူးမြော်ဖို့ကိုလည်း ရည်မှန်းထားပါတယ်။ ဒါယကာ၊ ဒါယိကာမတွေလည်း လာရောက်ဖူးမြော် ကြစေလိုပါတယ်။

မောင်ပြည့်စုံမောင် (ကျောင်းသား နေပြည်တော်၊ ဇေယျာသီရိမြို့နယ်)

မာရဝိဇယဘုရားကြီးအား ဖူးမြော်ဖို့ ကျွန်တော်တို့ကျောင်းကလိုက်ပို့ပေးတာဖြစ်ပါတယ်။ ဘုရားကြီးအား ရုပ်မြင်သံကြားတွေ၊ သတင်းစာတွေမှာ မြင်ဖူးပေမယ့် ကိုယ်တိုင်လက်တွေ့ဖူးမြင် လိုက်ရတဲ့အခါမှာ အလွန်ကို အံ့ဩမိပါတယ်။ ကျွန်တော့်စိတ်ထဲ အဲဒီလောက်ဉာဏ်တော် မြင့်လိမ့်မယ်လို့ မထင်မိဘူး။ ကျွန်တော်က အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တာပါ။ ဒါကြောင့် ဒီဘုရားကြီးအား တည်ထားပူဇော်ဆောင်ရွက်ခဲ့ကြတဲ့ အင်ဂျင်နီယာပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေကို ချီးကျူးမိပါတယ်။ သူတို့လိုတော်တဲ့သူဖြစ်အောင် ကြိုးစားသွားဖို့လည်း ဘုရားကြီးစရောက်ကတည်းက ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ ဘုရားကြီးအား မဖူးမြော်ရသေးတဲ့ အိမ်ကမိသားစုကိုလည်းဖုန်းဆက်ပြီး လာရောက်ဖူးမြော်ကြဖို့ ပြောထားတယ်။ ဒီလိုသူငယ်ချင်းတွေနဲ့လည်း ဘုရားဖူးသွားရတာပျော်ရွှင်မိပါတယ်။ တခြားမြို့နယ်တွေက ကျောင်းသား ကျောင်းသူတွေလည်း လာရောက်ဖူးမြော်ကြပါလို့ ပြောကြားလိုပါတယ်။

ဒေါ်ကြည်ကြည်လှ(နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်)

အရင်ရက်တွေကတည်းက လာရောက်ဖူးမြော်ဖို့ ကြိုးစားနေခဲ့ပေမယ့် အလုပ်မအားတဲ့အတွက် အခုမှလာရောက်ဖြစ်တာပါ။ မနက်စောစော လူရှင်းမယ် ထင်ခဲ့ပြီးလာခဲ့ပေမယ့် အံ့ဩစရာ ကောင်းလောက်အောင် ဘုရားဖူးပြည်သူတွေ များပြားနေတာ တွေ့ရပါတယ်။ ဘုရားရဲ့တန်ခိုး တော်ကြောင့်ပဲ ရာသီဥတုက သာယာနေတဲ့အတွက် အေးအေးဆေးဆေးနဲ့ ဖူးမြော်ခွင့်ရခဲ့ပါတယ်။ ဘုရားရင်ပြင်တော်မှာလည်း နေ့ခင်းရောက်လာတာနဲ့အမျှ ဘုရားဖူးသူတွေ အလွန်များပြားလာပါတယ်။ တကယ့်ကို ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ မြင်ကွင်းပါ။ ဘုရားကြီးရဲ့ မျက်နှာတော်ကလည်း လွန်စွာကြည် ညိုစရာကောင်းလွန်းလှပါတယ်။ နောက်ပြီး တည်ထားပူဇော်ထားတဲ့ သာသနိက အဆောက်အဦတွေကို သွားရောက်လေ့လာရတာလည်း ပင်ပန်းတယ်လို့ကို မခံစားရပါဘူး။ ဒါကြောင့် လာဖြစ်အောင်လာပြီး ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါ တယ်။

ဦးချစ်လှိုင်(နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်)

ကျွန်တော့်အနေနဲ့ မာရဝိဇယဘုရားကြီးအား လာရောက်ဖူးမြော်ရတာ အတော်ကို ဝမ်းသာအားရရှိ ပါတယ်။ ဒီဘုရားကြီးက ကျွန်တော့်အတွက်တော့ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘုရားကြီး ပရိဝုဏ်အတွင်းမှာရှိတဲ့ ဗိသုကာလက်ရာတွေကလည်း အဆင့်အတန်းမြင့်မြင့်နဲ့ လက်ရာမြောက် တာတွေ့ရတော့ လာရောက်ဖူးမြော် ရကျိုးနပ်ပါတယ်။ ဘုရားကြီးဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ အထင်ကရဘုရား တစ်ဆူဖြစ်လို့ အထူးဝမ်းမြောက်ပြီး ဂုဏ်ယူမိပါတယ်။ ဘုရားကြီးဘေးမှာရှိတဲ့ ဂန္ဓကုဋိတိုက်တော်တွေအတွင်းက ဗိသုကာလက်ရာတွေကလည်း မြင်ဖူးတဲ့ လက်ရာတွေထဲမှာ အပြောင်မြောက်ဆုံးလို့ ထင်မြင်မိပါတယ်။ အခွင့်အခါရတိုင်းလည်း လာရောက်ဖူးမြော်ဦးမှာ ဖြစ်ပါတယ်။

မရီလတ်(ပျဉ်းမနားမြို့နယ်)

ဒီဘုရားကြီးက ကြီးကျယ်ခမ်းနားပြီး အခုမှတည်ပြီးတာဆိုတော့ စိတ်ထဲမှာ ဖူးမြော်ချင်စိတ် တွေဖြစ်မိလို့ လာဖူးတာဖြစ်ပါတယ်။ ဘုရားကြီးက မြန်မာနိုင်ငံမှာ ဉာဏ်တော်အမြင့်ဆုံးလည်းဖြစ်၊ ကြည်ညိုဖွယ်လည်းဖြစ်တော့ ဂုဏ်ယူမိပါတယ်။ မအားတဲ့ကြားက လာရောက်ဖူးမြော်ရတာ လာရ ကျိုးနပ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်မ နိုင်ငံတွေတော်တော်များများက စကျင်ကျောက်နဲ့ ထုဆစ် ထားတဲ့ဘုရားတွေကို ဖူးမြော်ဖူးပါတယ်။ အဲဒီ ရုပ်ပွားတော်မြတ်ကြီးတွေထဲမှာ မာရဝိဇယဘုရားကြီးက ဉာဏ်တော်အမြင့်ဆုံး၊ အကြီးဆုံးဖြစ်ပြီးတော့ တော်တော်လည်း ခမ်းနားထည်ဝါပါတယ်။ မြန်မာနိုင်ငံမှာ တည်ထားတယ်ဆိုတော့ ပိုပြီးဂုဏ်ယူတယ်။ ဗိသုကာပိုင်း ကိုလည်း နားမလည်ဘူးဆိုပေမယ့် ကြည့်လိုက်တာနဲ့တင် လက်ရာမြောက်တယ်ဆိုတာ ထင်ရှားနေ ပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေကလည်း ဒီလောက်ခမ်းနားသပ္ပာယ်တဲ့ ဘုရားကြီးအား ဖူးမြော်ဖို့လာချင်နေကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် မရောက်ရောက် အောင် လာဖူးကြပါ။ လာဖူးရကျိုးနပ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

ဒေါ်နှင်းပပလှိုင် (ကျောင်းဆရာမ၊ နေပြည်တော်ဇေယျာသီရိမြို့နယ်)

ဒီနေ့ကတော့ ကျွန်မတို့ ကျောင်းမှာရှိတဲ့ အလယ်တန်းပြ ဆရာ ဆရာမတွေ ဦးစီးပြီးတော့ Grade 6, Grade 8, Grade 9 အတန်းတွေက ကျောင်းသား ကျောင်းသူလေးတွေနဲ့ လာရောက်ဖူးမြော်ကြတာ ဖြစ်ပါတယ်။ ဘုရားကြီးအား ဖူးမြော်ချင်နေတာ ကြာပါပြီ။ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက် စာမျက်နှာတွေထဲမှာတော့ ခဏခဏဖူးနေရပါတယ်။ အခုကတော့ တပည့်သားသမီးတွေနဲ့ စုစုရုံးရုံးနဲ့ လာဖူးရတော့ ဝမ်းသာပီတိတွေက ပြောမပြတတ်အောင်ပါပဲ။ ကိုယ့်မြန်မာနိုင်ငံမှာ ကြီးကျယ်ခမ်းနားပြီး သပ္ပာယ်လှတဲ့ ဘုရားကြီးရှိတယ်ဆိုတော့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း နေပြည်တော်မှာနေတယ်ဆိုတော့ ခဏခဏဖူးမြော်ခွင့်ရမှာဖြစ်တဲ့ အတွက် ပိုတောင်ဝမ်းသာမိပါတယ်။ ရပ်ဝေးက ပြည်သူတွေကလည်း မရောက်ရောက်အောင် လာဖူးကြပါလို့ ဖိတ်ခေါ်ပါတယ်။

အောင်ရဲသွင်

ဓာတ်ပုံ - ကိုအေးသန်း