Skip to main content

သဘာဝဘေးအန္တရာယ် သတိပြုကာကွယ်

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ မိုးခေါင်မှု၊ အပူချိန်လွန်ကဲမှု စသည့်သဘာဝပတ်ဝန်းကျင် အစွန်းထွက်ဖြစ်စဉ်များဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဤသို့ဖြစ်ပေါ် နေသည်မှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၌ သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူမှု၊ လူသားအကျိုးပြု သိပ္ပံနှင့်စက်မှုကဏ္ဍအမျိုးမျိုးမှ ကာဗွန်ကဲ့သို့ အခိုးအငွေ့၊ အမှုန်များစွန့်ထုတ်မှု၊ သစ်တောများပျက်သုဉ်းမှု စသည့်ဖြစ်စဉ်များကြောင့် ရာသီဥတုပြောင်းလဲဖြစ်ပေါ်ပြီး ကမ္ဘာတစ်ဝန်း၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြုံတွေ့လာသည်။

မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားနှင့် ရာသီဥတုအခြေအနေများအရ မိုးရာသီမုတ်သုံကာလ၌ ပုံမှန်ရာသီဥတုဖြစ်စဉ်မဟုတ်သည့် မိုးသည်းထန်မှုအခြေအနေများနှင့် ကြုံတွေ့နေသည်။ မြန်မာနိုင်ငံသည် မြောက်မှတောင်သို့ ရှည်လျားစွာ စီးဆင်းနေသော မြစ်ကြီးလေးသွယ်နှင့် အဆိုပါမြစ်ကြီးများမှ မြစ်လက်တက်ပေါင်း များစွာစီးဆင်းနေသည်။ ထို့ပြင် တောင်ကုန်း၊ တောင်တန်းများနှင့် အင်း၊ အိုင်၊ ဆည်မြောင်းများလည်း အလွန်ပေါများသောနိုင်ငံဖြစ်သည်။ ယခုကဲ့သို့ မိုးသည်းထန် စွာရွာသွန်းသောအခြေအနေတွင် အဆိုပါမြစ်၊ ချောင်း၊ အင်း၊ အိုင်များ၌ ရေများပြည့်လျှံပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သည်။

လက်ရှိအခြေအနေတွင် အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ကြီးများ၌ စိုးရိမ်ဖွယ်ရာရေမှတ် အခြေအနေမရှိသေးသော်လည်း သံလွင်မြစ် မြစ်ဖျားခံရာ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက်တွင် ရှိနေသည်။ သံလွင်မြစ်၏ မြစ်လက်တက် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေမှတ် အထက်တွင်ရှိနေပြီး ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်နေသည်။ နန့််ယင်းမြစ်ရေသည် မိုးကောင်းမြို့၌ စိုးရိမ်ရေမှတ်အထက် တွင်တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၅ ရက်နေ့တွင် အသိပေးထားရာ ယင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းများအနီးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရ မည်ဖြစ်သည်။

ယခုအခါ တောင်ကျရေစီးဆင်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်း ရေကျော်နေပြီး ဖြတ်သန်းသွားလာသောယာဉ်များ အန္တရာယ်ရှိသောကြောင့် အဆိုပါလမ်းကို ယာယီပိတ်ထားရသည်။ လှိုင်းဘွဲမြို့နယ်တွင် ချောင်းလက်တက်များမှ ရေများစီးဆင်းလာသောကြောင့် မြို့အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နစ်မြုပ်နေသည်။ ဖားကန့်မြို့နယ် မှော်စီစာရွာတွင် ကမ်းပြိုမှုကြောင့် လူအချို့သေဆုံးမှုဖြစ်ခဲ့သည်။ ရေကြီးရေလျှံမှုဖြစ်သည့် ကရင်ပြည်နယ်အတွင်းမြို့နယ်အချို့တွင် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်က ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သည်။ ယခုနှစ်တွင် ရေကြီးရေလျှံမှုမှာ အနည်းငယ်သာဖြစ်ပေါ်သေးသည်။

သို့သော် မိုးသည်းထန်စွာရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေမှု အခြေအနေများနှင့် အဓိကမြစ်ကြီးလေးသွယ်၏ အခြေအနေများအပေါ်မူတည်၍ ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြု၍ ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်လေ့ရှိပြီး မိုးဦးကာလ ဇွန်လတွင် တစ်ကြိမ်၊ မိုးလယ်ကာလ ဇူလိုင်၊ ဩဂုတ်လတို့တွင်တစ်ကြိမ်နှင့် မိုးနှောင်းမိုးလွန်ကာလ စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် တစ်ကြိမ်ဖြစ်တတ်၍ ယခုမိုးလယ်ကာလမှ မိုးလွန်ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပြင်ဆင်ဆောင်ရွက်မှုများနှင့်အတူ ဒေသခံပြည်သူများကလည်း အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သောဒေသများ၌ ပြည်သူများရေဘေးမှ လွတ်ကင်းနိုင်သည့်နေရာများ၊ အရေးပေါ်သုံးစွဲနိုင်မည့် သောက်ရေသန့်၊ အစားအစာ၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရမည်ဖြစ်ပြီး မိမိတို့၏ အရေးကြီးသောပစ္စည်းများကို အသင့်ပြင်ဆင် သိမ်းဆည်းထားရမည့်အပြင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်အတွက်လည်း ဆောင်ရွက်ထားရမည်ဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်၊ မွေးမြူရေးတိရစ္ဆာန်များ ဘေးကင်းလုံခြုံရေး အတွက်လည်း ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်သည်။ ရေကြီးရေလျှံမှုဖြစ်သည့်အခါ ဖြစ်ပေါ်တတ်သည့် အန္တရာယ်များနှင့် ဖျားနာ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောကဲ့သို့ ရောဂါဘယများ၊ ကူးစက်တတ်သောရောဂါများ ဖြစ်ပွားခြင်းမရှိအောင် ဒေသဆိုင်ရာ ကျန်းမာရေးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ကာကွယ်ထားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် မိုခါမုန်တိုင်းကျရောက်ခြင်းမှလွဲ၍ သဘာဝဘေးအန္တရာယ်များ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခြင်းမရှိသေးသော်လည်း ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှု နောက်ဆက်တွဲအကျိုးဆက်များအရ လာမည့်ကာလများတွင် ဖြစ်ပေါ်လာနိုင်သော မိုးရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်း၊ နွေရာသီတွင် အပူချိန်မြင့်မားမှုများဖြစ်ပေါ်ခြင်းတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် သတိပြုဆင်ခြင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။