Skip to main content

နှောင့်နှေးကြန့်ကြာစေမည့် နှောင့်ယှက်မှုများကို ဖယ်ရှား

လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲကျင်းပနိုင်‌‌ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ပင်ဖြစ်သည်။ ထိုသို့ ကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရန်ပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင်မူ အကြမ်းဖက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့တို့၏ အကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့ရှိ မြို့နယ်အချို့တွင် ဖြစ်ပေါ်လျက်ရှိရာ ယင်းအခြေအနေအောက်တွင် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲကို မည်သို့မျှကျင်းပနိုင်မည် မဟုတ်ကြောင်း လူတိုင်းဆင်ခြင်တွေးဆနိုင်ကြမည်ဖြစ်သည်။

လက်ရှိနိုင်ငံတော်အစိုးရသည် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် သာမန်မဟုတ်သည့် အခြေအနေတစ်ရပ်တွင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားနှင့် လူမှုစီးပွား ဘဝမြင့်မားတိုးတက်ရေးကို ‌ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ‌ရေး၊ စီးပွား‌‌ရေး၊ လုံခြုံရေး၊ လူမှု‌ရေး၊ ပညာရေး စသည်ဖြင့် အဘက်ဘက်မှလည်း တိုးတက်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သာမာန်မဟုတ်သည့် အခြေအနေဟုဆိုရာတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG၊ CRPH၊ PDF အကြမ်းဖက်သမားများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဖောက်ဖျက်ပြီး နိုင်ငံ၏အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ထိခိုက်ပျက်ပြား အောင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အချို့တို့က ပြည်သူလူထု၏ နေအိမ်အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက် အအုံများကို အကာအကွယ်ရယူတိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အကာအကွယ်ရယူတိုက်ခိုက်ခြင်း၊ အကြမ်းဖက်သတ်ဖြတ်မိုင်းခွဲ၊ မီးရှို့ခြင်းများကို ပြည်တွင်းရှိ မြို့နယ်အချို့တို့တွင် ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူများ မထိခိုက်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းပြုလုပ်နေရခြင်းပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများရှိနေ မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်ရေး လုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း၊ ထိုသို့နှောင့်နှေးစေခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ပြန်လည်ဖော်ဆောင်‌ရေးအတွက် လုပ်ဆောင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေကြောင်း၊ ထိုကဲ့သို့နှောင့်နှေး‌အောင် လုပ်‌ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူ၊ ပြည်သူကိုထိခိုက်စေသူများဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်းသည် ရွေးကောက်ပွဲမဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်း‌‌‌ဆောင်ခဲ့ရခြင်းပင်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်‌ရေးလုပ်ငန်းစဉ်များကို ချမှတ်‌ဆောင်ရွက်လျက်ရှိသည်။ တစ်ပြိုင်တည်းမှာပင် နိုင်ငံအတွင်းသာယာဝပြော‌ရေးနှင့် စားရေရိက္ခာဖူလုံ‌ရေးအတွက်လည်း ပြည်သူလူထုနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်၊၊ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး အကောင်အထည်ဖော်ရာတွင် အကြမ်းဖက်မှုများအားလုံးချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ရာ ပြည်သူ့အားဖြင့် ဝိုင်းဝန်းပါဝင်ကြပါရန်တိုက်တွန်းနှိုး‌‌ဆော်အပ်ပါကြောင်း။ ။