နေပြည်တော် ဩဂုတ် ၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်းအမှတ်စဉ် (၂၄)ဆွေးနွေးပွဲကို “အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
ပြောကြား
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံသဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာနှင့် နိုင်ငံများအကြားချုပ်ဆိုသောစာချုပ်များကို လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက် ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာနများအကြား သဘောတူစာချုပ်များနှင့် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးချုပ်ဆိုသည့် စာချုပ်များအပေါ် သဘောထားမှတ်ချက် စိစစ်ပြန်ကြားပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာချုပ်များ လက်မှတ်ရေးထိုးခြင်း မပြုမီဥပဒေရေးထုံးနှင့်အညီ စာချုပ်ပါအချက်အလက်များ ပြည့်စုံမှုရှိစေရေး၊ စကားလုံးအသုံးအနှုန်းများနှင့် အရေးအသားများ မှန်ကန်မှုရှိစေရေး စိစစ်ရန်အလွန် အရေးကြီးကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင် နှုတ်တစ်ရာစာတစ်လုံးဖြစ်သည့်အတွက် အမှားအယွင်းများမရှိစေရေး သတိပြုဆောင်ရွက်ရသည့်အပြင် စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် ဥပဒေရေးရာ အငြင်းပွားမှုများမဖြစ်ပေါ်စေရေးအတွက် စာချုပ်ပါအချက်အလက်များအပေါ် အထူးဂရုပြု၍ စနစ်တကျအသေးစိတ် ညှိနှိုင်းစိစစ်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တက်ရောက်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့ဆွေးနွေးမျှဝေမည့် “အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ” ခေါင်းစဉ်ပါ အကြောင်းအရာကို စေ့စေ့စပ်စပ်လေ့လာ၍ ဆွေးနွေးမေးမြန်းကြရန် တိုက်တွန်းပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ဆွေးနွေးပွဲတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်တင်လင်းက “အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက်သူများအပါအဝင် ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။
သတင်းစဉ်