Skip to main content

ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ မြန်နှုန်းမြင့်ဖိုင်ဘာအင်တာနက်ကို မြို့ကြီးများသာမက ကျေးလက်ဒေသအထိပါ အသုံးပြုသွားနိုင်ရန် ဆောင်ရွက်သွားရမည်

နေပြည်တော် ဇူလိုင် ၂၈

ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီနာယက ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီငါးခုမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ DEDC Task Force မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယနေ့ကမ္ဘာ တစ်ဝန်းတွင်ရှိသည့် နိုင်ငံအသီးသီး ၌ Digital Transformation ဟုခေါ်သည့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းလုပ်ငန်းစဉ်များကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိရှိအသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အဦနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ လူမှုရေးအစရှိသည့် နယ်ပယ်အသီးသီးတွင် ဒစ်ဂျစ်တယ်အသွင်ကို ဟန်ချက်ညီညီ ကူးပြောင်းဆောင်ရွက်ကြခြင်းအားဖြင့် နိုင်ငံ၏ Digital Economy ဖွံ့ဖြိုးတိုးတက်လာပြီး The Global Value Chain ဟုခေါ်သည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်ကို ချိတ်ဆက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန်အစိုးရနှင့် ပုဂ္ဂလိကဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံး မြန်နှုန်းမြင့် အင်တာနက်အနေဖြင့် နိုင်ငံ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ပြီဖြစ်သော်လည်း Fixed Broad band တွင် သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာ ရှိနေသေးသည့်အတွက် မြန်နှုန်းမြင့်ဖိုင်ဘာ အင်တာနက်ကို မြို့ကြီးများသာမက ကျေးလက်ဒေသအထိပါ လက်လှမ်းမီ အသုံးပြုသွားနိုင်ရန် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူများလိုအပ်သည့် ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များ ရရှိစေရန် နှင့် အင်တာနက်ကို လူမှုကွန်ရက် နှင့် ဖျော်ဖြေရေးအဆင့်များ ထက်ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အကျိုးရှိစွာ သုံးစွဲနိုင်ရန်အရေးကြီးပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် အင်တာနက်ကို အကျိုးရှိရှိအသုံးပြုပြီး မိမိတို့၏ ဝန်ဆောင်မှု၊ ထုတ်ကုန်များကို ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် ကြော်ငြာမှုပြုလုပ်၍ ဈေးကွက်ရှာဖွေခြင်းနှင့် ငွေပေးချေမှုတွင်လည်း လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေး တိုးတက်လာစေမည် ဖြစ်ပါကြောင်း၊ e-Government အား ကျော်လွန်သွားပြီးနောက် Digital Government ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ Digital Economy ၏ အဓိကကျသည့် မဏ္ဍိုင်တစ်ခုဖြစ်ပြီး Digital Trade နှင့် e-Commerce ကို အောင်မြင်စွာ အကောင်အထည်ဖော် သွားနိုင်ရန်မလိုလားအပ်သည့် ဖြစ်ရပ်များကို တားဆီးနိုင်ရန်အတွက် ဥပဒေ၊ စည်းမျည်းများနှင့် ထိန်းကျောင်းရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် e-Commerce Law ကို ပြဋ္ဌာန်း သွားနိုင်ရေးအတွက် e-Comm- erce Law ရေးဆွဲရေးကော်မတီကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ပထမမူကြမ်းကိုရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၁၂)ချက်နှင့်အညီ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက် နေသည့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲပြီးဖြစ်သည့် Roadmap ကို ဖြည့်စွက်မွမ်းမံရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ယနေ့အစည်းအဝေးသည် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို စတုတ္ထအကြိမ်မြောက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ် ကျင်းပသော အစည်းအဝေးဖြစ်သည်နှင့်အညီ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ကော်မတီ၏လုပ်ငန်းရပ်များ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အခြားအကြံပြုလိုသည်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက DEDC ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းတာဝန်များကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂) ရပ်ပါ စီးပွားရေးဦးတည်ချက်(၄)ရပ်နှင့်အညီ ဖြစ်စေရေး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်သွားရန်၊ ဆပ်ကော်မတီအဖွဲ့ဝင်များကို လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ ပြင်ဆင်ဖြည့်စွက်ရန်၊ မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ (Myanmar Digital Economy Roadmap)ကို ခေတ်ကာလနှင့်အညီ ဖြစ်စေရေး၊ Action Plan များ/ Action Matrix များကို လက်တွေ့တွင် အမှန်တကယ် ထိရောက်စွာအကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များအဖြစ် ပြန်လည်ပြင်ဆင် ရေးဆွဲရန်နှင့် ယင်းလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ရေး DEDC Task Force ဖွဲ့စည်းနိုင်ရေးကိစ္စတို့ကို မှာကြားဆွေးနွေးသည်။

ယင်းနောက် ဒစ်ဂျစ်တယ်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ လက်အောက်ရှိ ဆပ်ကော်မတီငါးခုတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ‌ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လက်ရှိအကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင် ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆွေးနွေးမှုများအပေါ် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တက်ရောက်လာကြသည့် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး သတင်း အချက်အလက်များ ဖလှယ်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များ ချိတ်ဆက်/ ဖလှယ်အသုံးပြုရေးအတွက် Standard Format စံသတ်မှတ်ချက်(Standardiza- tion)ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး သတိမြှင့်တင် ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်