နေပြည်တော် ဇူလိုင် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု တိုင်းရင်း သားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အားကစားကွင်း အဆင့်မြှင့်တင်မှု အခြေအနေ၊ စာကြည့်တိုက်၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ အင်ဂျင်နီယာအလုပ်ရုံ၊ အသစ်ဆောက်လုပ်လျက်ရှိသည့် လေးထပ်အင်ဂျင်နီယာ အလုပ်ရုံ လုပ်ငန်းခွင်၊ မနုဿဗေဒ ပြခန်း၊ အင်္ဂလိပ်စာ Language Lab များ၊ ကွန်ပျူတာစာသင် ခန်းများနှင့် စိုက်ပျိုးထားသည့်အပင်များ ရှင်သန်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်း အုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်း ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့သွား ရောက်ကြည့်ရှုစစ်ဆေးပြီး အဆိုပါ ဖွံ့ဖြိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ လေ့ကျင့်သင်ကြားရေးနှင့် စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ ကိစ္စရပ်များကို မေးမြန်း ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်စာကြည့်တိုက်နှင့် ပြတိုက်တို့သို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ လေ့လာဖတ်ရှုနိုင် ရေးအတွက် စာအုပ်စာစောင် များ ဖြည့်တင်းဆောင်ရွက်ထား ရှိမှု၊ e – Library Management System ဆောင်ရွက်ထားရှိမှုနှင့် တိုင်းရင်း သား မျိုးနွယ်စုအလိုက် ခင်းကျင်းပြသထားသည့် ရိုးရာဓလေ့ အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာစေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲစေရန်အတွက် ကျောင်းဝင်းအတွင်း ဆောင်ရွက်ထားရှိ သည့် မြန်မာပြည်မြေပုံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက်ဖွဲ့စည်းထားရှိမှု၊ တိုင်းရင်း သားမျိုးနွယ်စုရုပ်တုများနှင့် ဒေသအလိုက်ထင်ရှားသောနေရာများ ပြသရန် စီစဉ်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆက်လက် ဆောင်ရွက်သွားရမည့် လုပ်ငန်းအခြေအနေများကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များအတွင်း ဘာသာရပ်အလိုက်ကျောင်းသား ကျောင်းသူများ စာပေသင်ကြား လေ့ကျင့်နေမှု၊ ကျောင်းသား ကျောင်းသူများ အိပ်ဆောင်၊ စားရိပ်သာများနှင့် စားဖိုဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမ များ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး တာဝန် ကို ကျေပွန်စွာ ထမ်းဆောင်နိုင် သည့် ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေး တို့ကို တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဖွံ့ဖြိုးရေးတက္ကသိုလ် စိုက်ပျိုးမွေးမြူရေးဇုန် အတွင်းရှိ ငါးကန်များ၊ ဥစားကြက်နှင့် အသားစားကြက်ခြံများ၊ ငါးခူမွေးမြူရေးကန်၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မွေးမြူရေးအစာ စပ်စက်ရုံနှင့် အားကစားကွင်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်