Skip to main content

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၃

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံမှုအားကောင်းစေရန်နှင့် ကျေးလက်နှင့် မြို့ပြကျန်းမာရေးစောင့်ရှောက်မှု သာတူညီမျှရရှိစေရန် ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာအဆင့်မီဆေးကုသမှုများရရှိစေရေးအတွက်လည်း အထူးကုသမှုများ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ဆောင်ရွက်ရာတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မကွေး စသည့် ဒေသများရှိ အထူးကုဆေးရုံကြီးများ၌ အထူးကုသမှုဘာသာရပ်များ (Super Speciality) ဖွင့်လှစ်၍ ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိရာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ပြသာမက ကျေးလက်နေပြည်သူများပါ ရရှိခံစားနိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးရောဂါဆေးပညာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှ အထွေထွေရောဂါကုသမားတော်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဇူလိုင်(၂၂)ရက်နှင့် (၂၃)ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ သွားရောက်၍ ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် ပုသိမ်မြို့ပေါ်သာမက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ မြောင်းမြ၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ လပွတ္တာ၊ အိမ်မဲ၊ ကျောင်းကုန်း၊ ဝါးခယ်မနှင့် ငသိုင်းချောင်းမြို့နယ်များ၊ ချောင်းသာ၊ ငွေဆောင်ဒေသတို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာ(၁၄၇)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ(၉၂)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေး ကုသမှုဆိုင်ရာ(၁၄၁)ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ(၃၆)ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ (၁၂၄)ဦး၊ သွေးရောဂါဆိုင်ရာ(၂၂)ဦး၊ အထွေထွေရောဂါဆိုင်ရာ(၂၂၃)ဦး စုစုပေါင်း (၇၈၅)ဦး လာရောက်ပြသခဲ့ကြသည်။

 ထို့ပြင် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဒေသခံအထူးကုဆရာဝန်ကြီးများကလည်း ပူးပေါင်းကြည့်ရှုခဲ့ရာ မျက်စိရောဂါလူနာ(၇၄)ဦး၊ သားဖွားမီးယပ်လူနာ (၁၀)ဦး၊ အရိုးလူနာ (၇၉)ဦး၊ ခွဲစိတ် (၁၇)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ(၂၀)၊ သွားနှင့်ခံတွင်း လူနာ(၅)ဦး၊ အရေပြားလူနာ(၂၀)၊ ကလေးလူနာ(၉)ဦး၊ စုစုပေါင်း(၂၃၄)ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါ လူနာများကို နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း(Echocardiology) (၄၉)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း(OGDS) (၁၇)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscopy) (၄)ဦး၊ ကွန်ပြူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း CT scan (၁၉)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း(၁၉၂)ဦး၊ ဓာတ်ခွဲစမ်းသပ်သူ(၁၆၆)ဦး၊ သွေးချိုဓာတ်(Hb A1c)တိုင်းတာခြင်း (၇၁)ဦး၊ Ultrasound ရိုက်ကူးခြင်း (၅၅)ဦး၊ ခါးရိုးဆစ်မှ အာရုံကြောအရည်ဖောက်ယူ စစ်ဆေးခြင်း(၂)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နှလုံးသွေးကြောပိုက်ထည့်ကြည့်ရှုခြင်း (Angiogram) (၁)ဦးနှင့် နှလုံးနှိုးဆွစက် (Pacemaker) တပ်ဆင်နိုင်ရန်(၁)ဦး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့်သည်းခြေ၊ ပန်ကရိယလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (ERCP)ဆောင်ရွက်ရန် (၁)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှု ဆောင်ရွက်ရန် (၃)ဦး၊ နှလုံးရောဂါဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ရန်(၃)ဦး၊ နှလုံးနှင့်သွေးကြောခွဲစိတ် ကုသမှုဆောင်ရွက်ရန်(၁)ဦးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် လွှဲပြောင်းပေးနိုင်ခဲ့သည်။

အဆိုပါအထူးကုဆေးကုသရေးအဖွဲ့၏ ဆေးကုသမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က အနီးကပ်ပံ့ပိုးဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေး၍ အထူးကုဆရာဝန်ကြီးများကို လက်ဆောင်ပစ္စည်းများပေးအပ်ပြီး လာရောက်ပြသသူများကို နေ့လယ်စာအာဟာရများ ထောက်ပံ့ပေးခဲ့သည်။

ကျန်းမာ‌ရေးဝန်ကြီးဌာနသည် အလားတူ အစီအစဉ်အဖြစ် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ဇွန်လအတွင်း (၁)ကြိမ်၊ ဇူလိုင်လအတွင်း (၁)ကြိမ် ဆောင်ရွက်ခဲ့ပြီး အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ Super speciality ဘာသာရပ်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့များကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ကျေးလက်ဒေသများသို့ အထူးကုကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်