ရန်ကုန် ဇူလိုင် ၂၃
ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ (၂၉)ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဓမ္မဝိဟာရကျောင်းဆောင်၌ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဆရာတော်များကြွရောက်တော်မူကြပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို)ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အစည်းအဝေးသဘာပတိ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသ က ဩဝါဒကထာမြွက်ကြားသည်။
ထို့နောက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အခြေခံပညာဉီးစီးဌာန သက်ဆိုင်ရာ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများနှင့်တွဲဖက်ဖွင့် လှစ်ခွင့်ပြုရေး၊ ကျောင်းသုံးပြဌာန်းစာအုပ်များ အချိန်မီပြည့်စုံစွာရရှိရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာ၊ ဆရာမများ၏ လစဉ်ထောက်ပံ့ငွေများ အချိန်မီ ထုတ်ယူခွင့်ရရှိရေး၊ ကျောင်းသား ကျောင်းသူစာရင်းကိုစုစည်း၍ နှစ်စဉ် ဇူလိုင်(၁)ရက်မှ (၇)ရက်အတွင်း မြို့နယ်သံဃနာယက အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရေး၊ ပညာသင်ကြားမှုစည်းမျဉ်းများ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အတည်ပြုချက်ရရှိရေး၊ ယဉ်ကျေးမှုသင်ခန်းစာသင်ကြားပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူများဝင်ရောက်ဖြေဆိုရေးနှင့် ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၈)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်များက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြကာ အစည်းအဝေး ဆုံးဖြတ်ချက်(၁၁)ချက်ကို ချမှတ်ခဲ့သည်။
ယင်းနောက် အစည်းအဝေးသဘာပတိ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဩဝါဒကထာမြွက်ကြားပြီး ညွှန်ကြားရေးမှုးချုပ်က ဆရာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်