Skip to main content

ရန်ကုန်မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု လုပ်ငန်းများ၊ ဒဂုံမြို့နယ် အလုံလမ်းလမ်းသားတိုးချဲ့ခြင်းနှင့် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ၊ လှိုင်သာယာမြို့နယ် ထိန်ပင်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စွန့်ပစ်အမှိုက်များမှ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မြေဆွေးထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတို့မှ စုပေါင်းဝန်ထမ်းအင်အား ၂၀၀ က စက်ယာဉ်ယန္တရားများဖြင့် ချုံနွယ်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်ရန်နှင့် ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဒဂုံမြို့နယ် အလုံလမ်း(ပြည်လမ်းနှင့် တော်ဝင်လမ်းကြား) ကွန်ကရစ်လမ်းသားတိုးချဲ့ခြင်းနှင့် နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး၊ ယာဉ်များအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရန် လမ်းစည်းကမ်းအမှတ် အသားများစနစ်တကျရေးဆွဲထားရန်နှင့် လမ်းလယ်ကျွန်းအရိပ်ရပင်များ စနစ်တကျ ညီညာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိရန် မှာကြားသည်။ အဆိုပါလမ်းကွန်ကရစ်လမ်းသားကို ရှစ်ပေတိုးချဲ့ခြင်း၊ အရှည်ပေ ၇၀၀ နှင့် ထု နှစ်လက်မ နိုင်လွန် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ပြီး ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ် ထိန်ပင်ရှိရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းနှင့် သီးပင်စားပင်စိုက်ခင်း သို့ရောက်ရှိရာ တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုး ထားရှိမှုနှင့် သီးပင်စားပင်များ အောင်မြင်စွာ စိုက်ပျိုးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က မိုးစပါးအားအတန်းလိုက် စနစ်တကျ စိုက်ပျိုးထားရှိရန်၊ အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရန်နှင့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အကျိုးရှိစွာ အသုံးပြုရန်မှာကြားပြီး စိုက်ပျိုးထားသည့် သီးပင်စားပင်များကို ကြည့်ရှုသည်။

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အမှိုက်ပုံမှထွက်ရှိသည့် စွန့်ပစ်အမှိုက်များမှ တစ်နေ့ လျှင် ၅ တန်ကျမြေဆွေးထုတ်လုပ်သည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက မြေဆွေးထုတ်လုပ် ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က အမှိုက်မှ မြေဆွေးများများထုတ်လုပ်နိုင်လျှင် အမှိုက်များ လျော့နည်းလာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရန် ကုန်ကြမ်းများ အဆင်သင့်ရှိနေရန် လိုအပ်ကြောင်း၊ ထုပ်ပိုးမှုစနစ်များ ကောင်းမွန်စနစ်ကျရန် လိုအပ်ကြောင်း၊ အရည်အသွေးပြည့်မီသည့် မြေဆွေးများ ထုတ်လုပ်နိုင်ရေးနှင့်ပြင်ပသို့ ဖြန့်ချိပါက အချိန်အတွယ် ပြည့်မီမှန်ကန်ရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်ပြီး မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ထိန်ပင်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဘဲမွေးမြူရေးခြံသို့ ရောက်ရှိပြီး ဘဲအကောင်ရေများ တိုးချဲ့မွေးမြူရန်၊ မွေးမြူထားသည့်ဘဲများအား အမြဲမပြတ် စောင့်ကြည့်ပြီး ဂရုတစိုက် မွေးမြူထားရှိရန် လိုအပ်ကြောင်း မှာကြားသည်။

သတင်းစဉ်