မန္တလေး ဇူလိုင် ၂၂
မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ် ရိုးရာခြင်းလုံးအလှခတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်းရှိ Multip-purpose Stadium ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ အသက်(၇၀)နှစ်အထက် ရိုးရာခြင်းလုံးပညာရှင်များ၊ ဝါသနာရှင်များ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များတွင် မြန်မာ့ယဉ်ကျေးမှုကို အခြေခံ၍ လက်လှမ်းမီလွယ်ကူစွာကစားနိုင်သည့် မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်း တစ်ရပ်လည်း ပါဝင်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပေးအယူမျှတခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ် ခိုင်မာခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်းနှင့် တာဝန်ယူတတ်ခြင်း၊ ကျန်းမာရေးကို များစွာအထောက်အကူပြုခြင်း စသည့်အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ကမ္ဘာကပါ စိတ်ဝင်တစားဖြင့် ကစားနေသည့် မြန်မာ့ရိုးရာခြင်းလုံးကစားခြင်းကိုခေတ်နှင့်အညီ အမြင်ဆန်းအသွင်ဆန်းသော ခြင်းအလှခတ်ကစားနည်းများကို ရှာဖွေဖော်ဆောင်လျက် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားကို တန်ဖိုးထားကာ မတိမ်ကောမပပျောက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်က နှစ်(၇၀) ပြည့်အထိမ်း အမှတ် ရိုးရာခြင်းလုံးအလှခတ်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ သမိုင်းကြောင်းများနှင့် မြန်မာ့ရိုးရာအားကစားကို အစဉ်အလာမပျက် ထိန်းသိမ်းနေမှုများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ရိုးရာခြင်းလုံး အလှခတ်ပြသမည့် အသင်းကိုးသင်းကို ခြင်းလုံးများနှင့် အသက် (၇၀) နှစ်အထက် ရိုးရာခြင်းလုံး ပညာရှင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသင်းလိုက် ရိုးရာခြင်းအလှခတ် ကစားပြသခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
သတင်းစဉ်