နေပြည်တော် ဇူလိုင် ၂၂
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးလှပါသည်။ မိမိတို့တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာလျှင်သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ပြီးကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ်စနေနေ့တိုင်းတွင်လည်းမိမိတို့၏မြို့၊ ရွာဒေသများသန့်ရှင်း သာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၅) မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၆)မြို့နယ် တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၅)မြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၂)မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀) မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်နှင့် ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့်လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထို့ပြင် မန္တလေးမြို့ပေါ်ရှိတာဝန်သိလူငယ်၊ လူရွယ်များစုစည်း၍ “မြို့ရွာသန့်ရှင်းရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း” စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၆)အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း၌ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာ ချောင်ချိမှုရှိစေရန် ပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူ၍ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။