နေပြည်တော် ဇူလိုင် ၂၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က အင်းတိုင်စစ်ဆေးရေးဂိတ်အနီး၌ ကုန်တင်ယာဉ်တစ်စီးအား ရွာသာကြီး Dry Port သို့ ခေါ်ယူ၍ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Diamond Non–Woven Interlining ကီလိုဂရမ် ၃၃၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၉၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က မင်္ဂလာဒုံမြို့နယ် ရန်ကုန် - ပြည်လမ်း မင်္ဂလာဒုံရဲစခန်းအနီး၌ လိုင်စင်မဲ့ Toyota Crown ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၈၉၅၀၀၀) ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုင်းတုံခရိုင် တရားမဝင်ကုန်ပစ္စည်းတားဆီးကာကွယ်ရေးအဖွဲ့က မိုင်းတုံ-မိုင်းဆတ်ကားလမ်း ပေါ်ရှိ ကျောက်တောင်အနီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ယိုးဒယားစာတန်းပါ အေးခဲကြက်သားမျိုးစုံ ကီလိုဂရမ် ၅၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Probox ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၅၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဇူလိုင် ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အမျိုးသမီးသုံး Slim Bag ၄၅ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘားအံခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဘားအံမြို့ နောင်လုံ တံတားအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Deedo Juice ဘူး ၃၆၀၀၊ ပုဇွန်နှစ်ကောင် လီတာ ၃၆၀၊ Leo Beer ၅၉၇၆ ဘူး၊ Goat Milk ဘူး ၁၈၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၈၇၁၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Fuso Bus တစ်စီးနှင့် Voxy တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၈၇၁၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၈၇၂ တန်နှင့် အခြားသစ် ၅ ဒသမ ၆၁၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၀၅၄၄)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၂၈၆၅၄၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်