Skip to main content

မူလအခြေအနေထက်သာလွန်အောင်ကြိုးပမ်း

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် အများနှင့်သက်ဆိုင်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ရုံးဌာနအဆောက်အအုံများကို ဦးစားပေးအနေဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင် တည်ဆောက်ရန်နှင့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားထားသည်။

မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်ရှိဒေသများအား နိုင်ငံတော်၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများက အားတက်သရော ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မုန်တိုင်းဖြစ်ပွားပြီး နှစ်လကျော်သည့်ကာလတွင် အတိုင်းအတာတစ်ခုအထိ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခဲ့သည်။ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲက မုန်တိုင်းသင့်ဒေသများကို မူလအခြေအနေထက် သာလွန်ကောင်းမွန်လာအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားချက်ရှိသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အကောင်အထည်ပေါ်လာရန်အတွက် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများ ကျန်ရှိသေးသည်။

မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ဦးတည်ခဲ့သည့် မိုခါမုန်တိုင်းတိုက်ခတ်မှုကို နိုင်ငံတော်အစိုးရ၏ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်မှုကြောင့် အနည်းဆုံး အရေအတွက်သာ အသေအပျောက်ရှိခဲ့သည်။ သို့သော် အဆောက်အအုံများ တည်ဆောက်ထားမှုအနေအထားနှင့် ခိုင်ခံ့မှုအခြေအနေအရ ပျက်စီးဆုံးရှုံးမှုပမာဏ များခဲ့သည်။ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ငွေကျပ် ၅၂၂ ဘီလီယံဖိုးခန့် ဆုံးရှုံးခဲ့သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရနှင့်ပြည်သူများ ၏ ငွေကြေးများကို သုံးစွဲခဲ့ရသည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရပါက လူ့အသက်ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်နိုင်သော်လည်း အဆောက်အအုံများ ဆုံးရှုံးပျက်စီးမှုများပြားနိုင်သဖြင့် အဆောက်အအုံများ တည်ဆောက်ရာ၌ နောင်အခါ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ခံနိုင်ရည်ရှိအောင် စနစ်တကျတည်ဆောက်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဆောင်ရွက်နေသည်။ သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းရန် မလွယ်ကူသော သဘာဝဖြစ်စဉ်ဖြစ်သည်။ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ မုန်တိုင်းဝင်ရောက်နိုင်သည့် အနီးကပ်အချိန်ရောက်မှသာ တိကျသောခန့်မှန်းချက်ကိုရရှိနိုင်သည်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် မကြာခဏကြုံတွေ့နိုင်သောနိုင်ငံဖြစ်သည်။ ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်များကို သင်ခန်းစာယူ၍ နောင်ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကို ကျော်လွှားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများစွာတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများသာမက ဒေသခံပြည်သူများကလည်း ဆောင်ရွက်ထားကြရမည် ဖြစ်သည်။ ဥပမာအားဖြင့် အဆောက်အအုံများ တည်ဆောက်ရာတွင် မိုးများသည့်ဒေသများ၊ မုန်တိုင်း ကျရောက်နိုင်သည့်ဒေသများတွင်သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ရမည်ဖြစ်သည်။

အဆောက်အအုံများပြင်ဆင်ခြင်းနှင့်ပတ်သက်၍ လက်ရှိအဆောက်အအုံများ ပြင်ဆင်ခြင်းနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်ရေးအတွက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ဆောင်ရွက်ပေးသည့်အပိုင်းရှိသလို ပြည်သူများ အနေဖြင့်လည်း ဆောင်ရွက်ရမည့်အပိုင်းများ ရှိသည်။ နိုင်ငံတော်အစိုးရ၏ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမှုများသာမက ဒေသတွင်းနေထိုင်သူများကလည်း မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြမည်ဆိုပါက လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်မြန်ဆန်လာမည်ဖြစ်သည်။ သက်ဆိုင်ရာပြည်နယ်အစိုးရနှင့်အတူ ဒေသခံပြည်သူများ အတူဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြမည်ဆိုပါက ရခိုင်ပြည်နယ်သည် မူလအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူအားလုံးအနေဖြင့်လည်း တက်ညီလက်ညီ လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများ၊ ရခိုင်ပြည်နယ်တွင်လာရောက် တာဝန်ထမ်းဆောင်ကြသည့်ဝန်ထမ်းများသည် နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် ယခင်ပုံမှန်ရပ်တည်ဆောင်ရွက်မှုများထက် ပိုမိုခွန်အားစိုက်ထုတ်ပြီး မူလအခြေအနေထက် သာလွန်ကောင်းမွန်သည့် ရခိုင်ပြည်နယ်ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံအယ်ဒီတာ့အာဘော်