နေပြည်တော် ဇူလိုင် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က မိုးစပါးစိုက်ပျိုးရာသီတွင် ယခင်နှစ် စိုက်ပျိုးသည့် စိုက်ဧကထက်ကျော်လွန်ပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်လိုကြောင်း၊ မိုးစပါးအပြီးတွင်ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စသည့် သီးနှံများနှင့် ပဲအမျိုးမျိုးကို ဒေသနှင့်ကိုက်ညီပြီး ဖြစ်ထွန်းနိုင်သည့် အနေအထားပေါ်မူတည်၍ စိုက်ပျိုးသွားရန်လိုကြောင်း၊ တစ်နှစ်(၃)သီး မဖြစ်မနေ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရင်းအနှီးစိုက်စရိတ်များကို ထုတ်ချေးပေးလျက်ရှိသကဲ့သို့ တောင်သူများလိုအပ်လျက်ရှိသော သွင်းအားစုများ အရည်အသွေး ပြည့်မီစွာနှင့် အချိန်မီရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူလုပ်ငန်း လုပ်ကိုင်သူများကို သွင်းအားစုများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမှန်တကယ်တိုးတက်အောင် မွေးမြူသွားရန်လိုအပ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် စိုက်ဧက တိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အလေးထား အကောင်အထည် ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်နှင့်မွေးမြူရေးလုပ်ငန်းရှင်များက ရန်ပုံငွေဖြင့် ဆောင်ရွက် နေသည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)