တောင်ကြီး ဇူလိုင် ၂၁
လူမှုဖူလုံရေး-ခိုင်မေတ္တာအထွေထွေရောဂါကုဆေးခန်း(တောင်ကြီး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရေအေးရပ်ကွက်၊ ကမ္ဘောဇလမ်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က လူမှုဖူလုံရေး-ခိုင်မေတ္တာအထွေထွေရောဂါ ကုဆေးခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါဆေးခန်း အစည်းအဝေးခန်းမ၌ ကျင်းပသည့် စပ်စံထွန်းပြည်သူ့ဆေးရုံကြီး(တောင်ကြီး)နှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တာဝန်ရှိသူများထံ အလှူငွေများ ပေးအပ်သည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက် တစ်ရပ်ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံ တော်က စုပေါင်းထည့်ဝင်ငွေများဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ် သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုး ခံစားခွင့်များ ခံစားရရှိနိုင်စေရန်၊ လက်ရှိတွင် အာမခံစနစ်(၆)မျိုး အနက်(၂)မျိုးကို အကောင် အထည်ဖော်လျက် အကျိုးခံစားခွင့်(၁၅)မျိုးကို ဆောင်ရွက်ပေးလျက်ရှိသည်။ အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူလက်လှမ်း မီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင် မှုထောက်ပံ့ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၁၄ ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ/သားဖွားခန်း ၁၁ ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂)စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ရှမ်းပြည်နယ်တွင် အကျုံးဝင်အာမခံအလုပ်ဌာန (၁၄၈၂) ဌာနနှင့် အကျုံးဝင်အာမခံ အလုပ်သမားဉီးရေ (၁၆,၀၇၉) ရှိပြီး အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုကို ထိရောက်လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန် လူမှုဖူလုံရေး- ခိုင်မေတ္တာဆေးရုံကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုဖွင့်လှစ်ခဲ့သည့် ဆေးခန်းအပါအဝင် ပုဂ္ဂလိကနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသည့် ဆေးခန်းစုစုပေါင်း (၄၀) ဖွင့်လှစ်ထားရှိပြီး အာမခံအလုပ် သမားများ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် လက်လှမ်းမီသောနေရာများတွင် ဆေးခန်းများ ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် အေးသာယာစက်မှုဇုန်ရှိ Myanmar CP စက်ရုံ၌ အကျုံးဝင်အာမခံအလုပ်သမားများအား လုပ်ငန်းခွင်မပျက် ကွင်းဆင်းဆေးဝါးကုသ ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့ပြင် အေးသာယာစက်မှုဇုန်ရှိ လူမှုဖူလုံရေးဆေးခန်း(အေးသာယာ)အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရှမ်းပြည် နယ်၊ တောင်ကြီးမြို့နယ်ရှိ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)