နေပြည်တော် ဇူလိုင် ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဗီနေးကူးမား ဦးဆောင်သောအဖွဲ့ကို ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အိန္ဒိယနိုင်ငံမှဝန်ကြီးဌာနသို့ ပေးအပ်ထားသည့် ပညာတော်သင်ကိစ္စ၊ မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသများအား လူသားချင်း စာနာမှုအထောက်အပံ့ပေးမှုကိစ္စ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မြန်မာ-အိန္ဒိယနားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်းများက ရခိုင်ပြည်နယ်ဒေသစီးပွားရေးအတွက် အထောက်အကူပြုနိုင်မှုများကို တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိုခါမုန်တိုင်းအတွက် အိန္ဒိယနိုင်ငံမှပေးအပ်ခဲ့သည့် လူသားချင်းစာနာမှုအကူအညီများသည် မုန်တိုင်းသင့်သူများအတွက် များစွာအထောက်အကူဖြစ်ခဲ့ပါကြောင်း၊ AHA Centre ၏ ERAT Team ကိုယ်စားလှယ်များ မုန်တိုင်းသင့်ဒေသများဖြစ်သည့် ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်များသို့သွားရောက်၍ လေ့လာခဲ့မှုအခြေအနေ၊ AHA Centre မှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့မှု၊ မုန်တိုင်းသင့်ဒေသများသို့ နိုင်ငံတကာမှ အကူအညီများပေးပို့ရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်း ယန္တရားတစ်ရပ်ဖော်ဆောင်ရန်ရှိမှုနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ်အသိပညာပေးရေး၊ မူးယစ်ဆေးဖြတ်ပြီးသူများနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်