နေပြည်တော် ဇူလိုင် ၂၀
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ- တရုတ်ဗဟိုဌာနအတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ-တရုတ် ဗဟိုဌာနအနေဖြင့် ဦးစားပေးနယ်ပယ်ခြောက်ခုဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံက အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံအနေဖြင့် တာဝန်ယူဆောင်ရွက် ပေးလျက်ရှိစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များ၊ အာဆီယံ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံ-တရုတ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့် နောက်ဆက်တွဲ အစီအစဉ်အောက်ရှိ နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်ရေး၊ အာဆီယံ- တရုတ်ဗဟိုဌာနမှ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ စီမံကိန်းများ၊ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း၍ အဓိပ္ပာယ်ပြည့်ဝပြီး နှစ်ဖက်အကျိုးရှိသည့် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်