နေပြည်တော် ဇူလိုင် ၂၀
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူကုန်းတော်မြေနေရာတွင် ကိန်းဝပ်စံပယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါ ဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားများ နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
မြေနေရာ ၂၂၈ ဧကကိုပါ လွှဲပြောင်း
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပစွာတည်ရှိနေမှုကို ကမ္ဘာသို့ပြသရန်၊ မြန်မာနိုင်ငံကို ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်စသည့် မွန်မြတ်သည့် စိတ်ရင်းစေတနာတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘူမိနက်သန်နေရာသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင်တော်ဖြစ်ပြီး မူလစကျင်ကျောက်တုံးကြီးကို Anglo Mining Co.LTD လုပ်ကွက်အတွင်းမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီပိုင်ရှင်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အလို့ငှာ ရွှေဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ရာ ရွှေဖောင်ဒေးရှင်းမှတစ်ဆင့် လုပ်ဆောင် နိုင်မည့်စွမ်းဆောင်ရည်နှင့် လူ့စွမ်းအားအရင်းအမြစ် များစွာပြည့်စုံမှုရှိသည့် တပ်မတော်သို့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်တည်ဆောက်တည်ထားကိုးကွယ်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ထို့အတူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန် မြေနေရာ ၂၂၈ ဧက ကိုပါ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း။
တပ်မတော်အနေဖြင့် ထိုသို့လွှဲပြောင်းလက်ခံရရှိခဲ့ပြီး စကျင်ကျောက်တော်ကြီး၏အခြေအနေကို အသေးစိတ်လေ့လာနိုင်ရန်တပ်မတော်မှ တာဝန်ရှိအဖွဲ့များသည် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် သွားရောက်ကြည့်ရှုကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်မြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်းစဉ် ၈ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း။
၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စကျင်ကျောက်တော်ကြီးကို တူးဖော်ထုတ်လုပ်ခြင်း၊ ဒီဇင်ဘာလတွင် ထုဆစ်ရန်ဆင်းတုတော်လေးဖက် ရိုက်ပုံစံဖြတ်တောက်ခြင်း၊ ၂၀၁၉ ခုနှစ် မတ်လတွင် လေးဖက်ရိုက်ပုံစံဖြတ်တောက်ပြီးစီးမှုအပေါ် ဆင်းတုတော်အချိုးမှန်တွက်ချက်ပြီး စကျင်ကျောက်တော်ကြီးအား ဗုဒ္ဓရုပ်ပွားတော် အပိုင်း ၄ ပိုင်း ခွဲခြားထုဆစ်ရခြင်း၊ ပလ္လင်တော်သီးသန့်အတွက် အပိုင်း ၅ ပိုင်းခွဲ၍ ထုဆစ်ရန်သတ်မှတ်ခြင်း၊ အပိုင်းလိုက် စကျင်ကျောက်တော်များ အပိုင်းလိုက်ခွဲ၍ သယ်ဆောင်ခြင်းများ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း။
တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ၂၁ လအကြာဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ပင့်ဆောင်ရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ ရေကြောင်းမှပင့်ဆောင်ခြင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကုန်းလမ်းကြောင်းမှ ပင့်ဆောင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ပလ္လင်တော်တွဲဆက်ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိလည်းကောင်း၊ ဆင်းတုတော်အစိတ်အပိုင်းများ CNC စက်ဖြင့်ထုဆစ်ခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိလည်းကောင်း၊ ဆင်းတုတော်အစိတ်အပိုင်းများ တွဲဆက်နေရာချထားခြင်းကို ၂၀၂၂ ခုနှစ်ဧပြီလမှ ဩဂုတ်လအထိလည်းကောင်း၊ ဆင်းတုတော်အပိုင်း ၁ ၊ ၂ ၊ ၃ တွဲဆက်ခြင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိလည်းကောင်း၊ တွဲဆက်ပြီး ဆင်းတုတော်အပိုင်း ၁ ၊၂ ၊ ၃ ကို ပင့်ဆောင်ရန် ဆောင်ရွက်မည့် Gantry Tower Crane ပြင်ဆင် ခြင်းကို ၂၀၂၂ ခုနှစ် ဇွန်လ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိလည်းကောင်း၊ Gantry Tower Crane ဖြင့်ပြီးစီးသွားသည့် ဆင်းတုတော်အပိုင်း ၁ ၊ ၂ ၊ ၃ ပင့်ဆောင်ခြင်းနှင့် ရတနာပလ္လင်တော်အပေါ်သို့ ပင့်ဆောင်နေရာချထားခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှ ၃၁ ရက်အထိလည်းကောင်း၊ ဆင်းတုတော် အပိုင်း ၄ ပင့်ဆောင်ခြင်းနှင့် ရတနာပလ္လင်တော်ပေါ်သို့ ပင့်ဆောင်နေရာချထားခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိလည်းကောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ဇူလိုင်လ ၃၁ ရက် အထိ အချောသပ်လက်မှုလုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်လှူခြင်းကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် မေ ၁ ရက်တွင် ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း။
လေ့လာခွင့်များရရှိလာမည်
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်နေရာ စတင်ပန္နက်တော်တင်ခြင်းဆောင်ရွက်ချိန်မှ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကျင်းပပူဇော်မည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့ (ဓမ္မာစကြာနေ့) (၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက် ) အထိဆိုလျှင် ရက်ပေါင်း ၁၁၄၃ ရက်ကာလအတွင်း သတ်မှတ်လုပ်ငန်းစဉ်များအားလုံးကိုတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ အပြင်းထန်ဆုံးကာလနှင့် အခြားအခက်အခဲများကို ဖြတ်ကျော်၍ နေ့မအားညမနား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့သော ရလဒ်အဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက် (ဒုတိယဝါဆိုလပြည့်) တွင်ကျင်းပမည့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူကုန်းတော်မြေတွင် တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပခြင်းနှင့်အတူ ကမ္ဘာပေါ်၌ အလေးချိန်အများဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး အံ့မခန်းဖွယ်ရာ ကျောက်သားစစ်စစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူကို မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများနှင့် ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားကိုးကွယ်ကြသည့် ကမ္ဘာ့နိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်များ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုဆိုင်ရာတည်ဆောက်ရေး အသိပညာအတတ်ပညာများကို လေ့လာလိုကြသည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ လေ့လာရေးသုတေသီများ၊ ဖူးမြော်ကြည်ညို ကုသိုလ်သဒ္ဓါပွားများခြင်းနှင့် လေ့လာခွင့်များရရှိလာမည်ဖြစ်ကြောင်း။
အလားတူ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားရှင် ၄၅ ဝါ ပတ်လုံး ဟောကြားဆိုဆုံးမတော်မူခဲ့သည့် ဝိနည်း၊ အဘိဓမ္မာနှင့် သုတ္တန်ဒေသနာတော်များ ကမ္ဘာတည်သရွေ့မပျက်စီးဘဲ ကမ္ဘာ့သာသနာ့ဗုဒ္ဓစာကြည့်တိုက်ကြီးအဖြစ် တည်ရှိနေစေရေးအကျိုးငှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာ အရပ်မျက်နှာ၌ ဝိနည်းကျောက်စာရုံ စေတီ ၉၆ ဆူ၊ အဘိဓမ္မာကျောက်စာရုံ စေတီ၂၁၆ ဆူနှင့် သုတ္တန်ကျောက်စာရုံစေတီ ၄၀၈ ဆူ စုစုပေါင်း ကျောက်စာရုံစေတီ ၇၂၀ ကိုတစ်ဆူလျှင် ကျောက်စာချပ်နှစ်ချပ်၊ ကျောက်စာတစ်ချပ်တွင် ပါဠိဘာသာတစ်ဖက်၊ ရိုမန်ဘာသာတစ်ဖက်ရေးထိုးထားပြီး ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်မှ ဇွန်လ ၃၀ ရက်တွင်တည်ဆောက်ခဲ့ကြောင်း၊ ကျောက်စာချပ်များပေါ်တွင် စာသား ရေးထွင်းမှုကို ကွန်ပျူတာထိန်းချုပ် စက်ယန္တရားများ အကူအညီဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်မှစတင်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင်ပြီးစီးခဲ့ကြောင်း၊ ကျောက်စာချပ် စတင်စိုက်ထူမှုကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်တွင် စတင်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင်ပြီးစီးခဲ့ကြောင်း၊ ထူးခြားချက်အနေဖြင့် စတင်တူးဖော်ချိန်မှ လုပ်ငန်းစဉ် ၈ ရပ် အကောင်အထည်ဖော်ပြီးစီးသည့် အချိန်အထိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော်သား အင်ဂျင်နီယာများကသာ ဆောင်ရွက်ခဲ့သည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း။
ယခုလို ပြည်ပပညာရှင် တစ်ဦးတစ်ယောက်မျှမပါဘဲ မြန်မာနိုင်ငံသား အင်ဂျင်နီယာပညာရှင်များဖြင့်သာ ဆောင်ရွက်နိုင်မှုကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခု အံ့မခန်းဖွယ်ရာ ပေါ်ပေါက်လာမှုကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် တွင် သာသနာရေးဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ ပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စုစုပေါင်း ၂၈၀ တို့အားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ယာယီသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် အပါအဝင် အငြိမ်းစားအရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ စုစုပေါင်း ၅၁ ဦးတို့အား စကျင်ကျောက်တုံးတော်ကြီး စတင်တွေ့ရှိမှု၊ တူးဖော်မှုမှစ၍ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားပြုလုပ်မည့် အချိန်အထိ ဦးဆောင်ဘုရားဒါယကာကိုယ်တိုင်ဦးစီးလျက် လုပ်ငန်းတာဝန်ရှိသူအဆင့်ဆင့်တို့၏ စနစ်တကျစီမံဆောင်ရွက်မှုအပေါ် ရှင်းလင်းပေးခဲ့ရာ တက်ရောက်လာသည့် ဧည့်ပရိသတ်များကလည်း ရှင်းလင်းပေးမှုအပေါ်အာရုံပြု၍ ကြည်ညိုသဒ္ဓါ တရားထက်သန်မှုများ အရှိန်အဟုန်မြင့်တက်လျက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်တကွ ဗုဒ္ဓဥယျာဉ်တော်တစ်ခုလုံးအတွက် ဘဝနောင်ရေး ကုသိုလ်ယူစိတ်တို့ဖြင့် ပါဝင်လှူဒါန်းမှုပြုကြရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လှူဒါန်းမှုအလှူငွေ စုစုပေါင်းမှာ ၁၆ ဘီလီယံကျော်ဖြစ်ပါကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများအတွက်ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေမှုမတိုင်မီ လှူဒါန်းရသောအလှူသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပေါ်ပေါက်လာရေးအတွက် ကနဦးလှူဒါန်းကြရသည့် ထူထောင်ကြသူ(Founder)များ ဖြစ်လာကြတော့မည်ဖြစ်ကြောင်း၊ မကြာမီကျင်းပသွားမည့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနား ဆောင်ရွက်ပြီးနောက်မှ ကြည်ညိုသဒ္ဓါပွားများစိတ်ဖြင့် လှူဒါန်းမှုကုသိုလ်များမှာ ကုသိုလ်ဆက်အလှူရှင်အဖြစ်သာ ကုသိုလ်ကံအကျိုးတရား ခံစားကြရမည်ဖြစ်ကြောင်းကိုလည်း ခွဲခြား၍အသိပေးလိုပါကြောင်း။
ဆက်လက်ပြီး မြတ်ဗုဒ္ဓ၏ ဘာသာ၊ သာသနာအကျိုးငှာ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများ အဖြစ်ရက်ရောစွာ လှူဒါန်းမှုပြုခဲ့ကြ၍ နိုင်ငံတော်အစိုးရအဆက်ဆက်မှ ဂုဏ်ပြုချီးမြှင့်ခဲ့သည့် ဘာသာရေးနှင့်သာသနာရေးဆိုင်ရာသာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရရှိသူများအနက်မှ ပထမအကြိမ်ရှင်းလင်းပွဲ၌ မပါရှိသူများကိုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ကမ္ဘာ့သာသနာ့ဗုဒ္ဓစာကြည့်တိုက်အဖြစ် တည်ရှိနေမည့် ကျောက်စာရုံစေတီတော်များအပါအဝင် ဗုဒ္ဓဥယျာဉ်အတွင်းရှိ သာသနိကအဆောက်အဦများ ဖြစ်ပေါ်လာမှုအဆင့်ဆင့်တို့အား ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင်တွေ့မြင်ခွင့်နှင့် ကြည်ညိုသဒ္ဓါပွားများနိုင်စေရေးအလို့ငှာ နိုင်ငံတော်အကြီး အကဲကိုယ်တိုင် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက် (တနင်္ဂနွေနေ့)တွင် တတိယအကြိမ် ရှင်းလင်းပြသပေးမည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပြောကြားလိုပါကြောင်း။
ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
ထို့ကြောင့် ဆင်းတုတော်ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေနှင့် ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် တန် ၃၅၁၀ စုစုပေါင်း ၅၂၉၂ တန်ရှိသည့် ရတနာပုံခေတ် ဘူမိဖဿ ပုံစံထုဆစ်ထားတော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြီးမားသောရည်ရွယ်ချက်ကောင်းများဖြင့် ကမ္ဘာ့သာသနာ့ဗုဒ္ဓစာကြည့်တိုက်အဖြစ် ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူနိုင်ရေးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် သာသနိကအဆောက်အဦများ ရေစက်ချကုသိုလ် တော်မင်္ဂလာအခမ်းအနားများ နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ ၉ခု ဖွဲ့စည်းပေးခဲ့ကြောင်း၊ အခမ်းအနားကျင်းပမည့် ရက် အချိန်နီးကပ်သည့်အတွက် ဆပ်ကော်မတီများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိမှုများ၊ ဗဟိုကော်မတီမှပံ့ပိုးပေးရန်လိုအပ်မှု၊ ဆပ်ကော်မတီအလိုက် ဇာတ်တိုက် လေ့ကျင့်မှုများကို နေ့၊ ည အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မင်္ဂလာအခမ်းအနားကျင်းပရာတွင် ပြည်ပနိုင်ငံများမှ ကြွရောက်တော်မူလာကြမည့် ဆရာတော်ကြီးများ၊ ပြည်တွင်းထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများ၊ အလှူရှင်များအပါအဝင် အခမ်းအနားသို့ ကြွရောက်လာကြမည့် သံဃာတော်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအခမ်းအနားစတင်ကျင်းပချိန်မှပြီးဆုံးချိန်အထိ အခမ်းအနားများအလိုက် စိတ်နှလုံးရွှင်လန်းအေးချမ်းစွာဖြင့် ကုသိုလ်ပွားများနိုင်ရန်အတွက် လှူဒါန်းရမှု၏ ပီတိသောမနဿစိတ်ဖြင့် အာရုံပြုနိုင်ရေး ဆပ်ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို အသေးစိတ်စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီ မဟုတ်သော်လည်း မိမိတို့အတွေ့အကြုံအရ လိုအပ်ချက်နှင့် အကြံပြုချက်များရှိပါက ပါဝင်ဖြည့်စွက်ဆွေးနွေးအကြံပြုစေလိုကြောင်း၊ အရေးကြီးဆုံးအချက်မှာ မင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် မိမိတို့ဆပ်ကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိမှုနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာဆွေးနွေးကြစေလိုကြောင်း၊ အခမ်းအနားများ မကျင်းပမီ၊ အခမ်းအနားကျင်းပနေစဉ်နှင့် အခမ်းအနားကျင်းပပြီးဆုံးသည့်ကာလအထိ လုံခြုံရေးကဏ္ဍကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ သုံးသပ်ရှုမြင်၍ စနစ်တကျစီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်အထိ ဘုရားဖူးပြည်သူများအားလုံးကို မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မည်သူမဆို လုံခြုံရေးအရစစ်ဆေးမှုခံယူပြီး အခမဲ့ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါနေ့ရက်နောက်ပိုင်းတွင်မူ နိုင်ငံတကာထုံးတမ်းအစဉ်အလာများနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော်ကြည်ညို လေ့လာခွင့်တို့အား ဆောင်ရွက်နိုင်ရေးကိုလည်း လျာထားအစီအစဉ်များရေးဆွဲတင်ပြ အတည်ပြုချက်ရယူရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် သာသနာရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် ဦးသူရက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပမည့် အစီအစဉ်များကိုလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အခမ်းအနားများအောင်မြင် စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်က သံဃာတော်များ ပင့်ဖိတ်ထားရှိမှုနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ရှင်းလင်းဆွေးနွေး
ယင်းနောက် ဖိတ်ကြားရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ အခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီနှင့် ပြန်ကြားရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံ စေတီတော်များထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်