နေပြည်တော် ဇူလိုင် ၂၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ်(၁)၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီးများက ငါးကြင်းသားပေါက်များကို ဦးစွာငါးမျိုးစိုက်ထည့်ပေးကြပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများက ကန်အတွင်းသို့ ငါးကြင်းသားပေါက်ကောင်ရေ (၁၅၀၀၀)ကို ငါးမျိုးစိုက်ထည့်ပေးကြသည်။
ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်း၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် အရာထမ်း/အမှုထမ်းများက စိန်တစ်လုံး သရက်ပျိုးပင်ပေါင်း(၁၃၀၀)ခန့်ကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိခဲ့ကြ သူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီးများနှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူးမား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီး မြန်မာ့အားကစား အဆင့်အတန်းတိုးတက်လာစေရေးအတွက် အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ မြန်မာအားကစားသမားများ အိန္ဒိယနိုင်ငံ၌ ပူးတွဲလေ့ကျင့်မှုများပြုလုပ်နိုင်ရေးနှင့် အိန္ဒိယနိုင်ငံမှနည်းပြများ မြန်မာနိုင်ငံသို့ လာရောက်လေ့ကျင့် သင်ကြားပေးနိုင်ရေးကိစ္စရပ်များ၊ အိန္ဒိယ-မြန်မာလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင်ဆက်လက်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်