Skip to main content

မိုခါ (MOCHA) ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၌ မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၀

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လယ်ယာကုန်ထုတ်လုပ်မှုလျော့ကျမှုမရှိစေရေးနှင့် ဒေသ၏ စားရေရိက္ခာလုံလောက်မှုရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို သက်ဆိုင်ရာဌာနများ တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တောင်သူ့လက်ဝယ်အရောက် ပို့ဆောင်ထောက်ပံ့ပေးအပ်ပြီးဖြစ်သည်။

ယင်းသို့ထောက်ပံ့ရာတွင် ယနေ့အထိ ရခိုင်ပြည်နယ်သို့ ပေါ်ဆန်းရင်(၄၀၀၆၇)တင်း၊ GW-11 တင်း(၂၁၅၀၀)၊ နှံကောက်တင်း(၇၈၃၀)၊ ကြားပျံတင်း(၄၀၀၀) မျိုးစပါးများရောက်ရှိပြီးဖြစ်ကာ တောင်သူများလက်ဝယ်သို့ စုစုပေါင်းမျိုးစပါး (၇၃၃၉၇)တင်း၊ ဓာတ်မြေဩဇာ(၄၃၁၉၁)အိတ် ဖြန့်ဖြူးပြီးဖြစ်ပြီး၊ စိုက်ပျိုးမြေပြင်ခြင်းလုပ်ငန်းအနေဖြင့် မိုးစပါးစိုက်ပျိုးရန် (၆၀၄၇၈၉)ဧက မြေပြုပြင်ပြီးဖြစ်ကာ (၃၆၀၈၃၆)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

အလားတူ အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဟင်းသီးဟင်းရွက်မျိုးစေ့ စုစုပေါင်းအထုပ်(၅၈၅၀၀)ကို တပ်ရင်း တပ်ဖွဲ့များ အတွက်အထုပ် (၂၀၀၀၀)၊ ဌာနဆိုင်ရာများအတွက် (၁၉၈၅) ထုပ်၊ ဒေသခံပြည်သူများ အတွက်(၃၆၅၁၅)ထုပ် ထောက်ပံ့ဖြန့်ဖြူးခဲ့ပြီးဖြစ်သည်။

ထို့အပြင် သဘာဝဘေးဒဏ်ခံနိုင်သည့် လေကာပင်များအဖြစ် စိုက်ပျိုးနိုင်ပြီး ဒေသနေပြည်သူများ ဝင်ငွေတိုးနှစ်ရှည်သီးနှံပင်အဖြစ် စိုက်ပျိုးနိုင်ရန် ယနေ့ထိ အုန်းသီးအလုံး(၄၁၀၀၀)ကျော် စုဆောင်းထားရှိပြီး အုန်းပျိုးပင်(၃၆၀၀၀)ကျော် ပျိုးထောင်ထားရှိ၍ ဧက(၇၀)ကျော် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်