နေပြည်တော် ဇူလိုင် ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ် ၁၃ အစည်းအဝေးခန်းတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် ဇွန်လမှတ်တမ်းများအရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ်များအကြားနားလည်မှု စာချွန်လွှာပေါင်း ၂၅ စောင် လက်မှတ်ရေးထိုးထားပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာတက္ကသိုလ်ကျောင်းသားနှင့် ဆရာစုစုပေါင်း ၅၇၀၃ ဦး တရုတ်နိုင်ငံတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူခွင့်ရရှိခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစတင်ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တရုတ်ကျောင်းသား ၈၀၂ ဦးနှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၅၈၉ ဦး မြန်မာဘာသာစကားကို လာရောက်သင်ယူခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာဧည့်ပါမောက္ခများကို တရုတ်နိုင်ငံတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေး၊ သုတေသနပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်လိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် အာဆီယံ - တရုတ်စင်တာအတွင်း ရေးမှူးချုပ်က အာဆီယံ - တရုတ်စင်တာသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် မီဒီယာကဏ္ဍတို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိပါကြောင်း၊ တရုတ်-အာဆီယံချစ်ကြည်ရင်းနှီးမှုသည် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် မောင်းနှင်အားပင် ဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှု များကို အတူတကွ လက်တွဲကျော်ဖြတ်သွားကြမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်း ဆောင်ရွက်ရန်အသင့်ရှိပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်