ရန်ကုန် ဇူလိုင် ၂၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး အထက်ပစ္စယံရင်ပြင်ပေါ်ရှိ ပတ္တမြားမျက်ရှင်ဘုရားအား ပန်းရေချမ်းဆက်ကပ်ပူဇော် ဖူးမြော်ကြည်ညိုကာ စေတီတော်ရင်ပြင်ပေါ်ရှိ တောင်ဘက်စောင်းတန်း ပြင်ဆင်မွမ်းမံနေမှုနှင့် ရွှေတိဂုံစေတီတော်ဗုဒ္ဓပြတိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များနှင့်တွေ့ဆုံပြီး ဘုရားဖူးလာပြည်သူများနှင့် နိုင်ငံခြားဧည့်သည်များ စိတ်ချမ်းသာစွာဖူးမြော်နိုင်ရေးဆောင်ရွက်ကြရန်နှင့် အဆင့်မြင့်ယဉ်ကျေးမှုသင်တန်းများ ပို့ချသင်ကြားမှု၊ လုံခြုံရေး၊ ပြတိုက်၊ စာကြည့်တိုက်၊ ဈေးဆိုင်ခန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေတိဂုံစေတီတော် ပိဋကတ်တိုက်သို့ရောက်ရှိပြီး ရှေးဟောင်းပေစာများ၊ ပုရပိုက်များကို ကြည့်ရှုစစ်ဆေးကာစနစ်တကျ ရေရှည်ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားရေး လမ်းညွှန်မှာကြားခဲ့သည်။
သတင်းစဉ်