ရန်ကုန် ဇူလိုင် ၁၉
ရန်ကုန်မြို့ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအားတိုင်ဝက်သို့ လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် ရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး)၌ ကျင်းပသည်။
နှစ်မိနစ် ငြိမ်သက်
အခမ်းအနားသို့ (၇၆)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီးမြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့များတက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကြကာ နိုင်ငံတော်အလံအား တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ နှစ်မိနစ်ငြိမ်သက်ကာ မေတ္တာပို့အမျှပေးဝေကြသည်။
ယနေ့တွင် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် ပါလီမန်အဆောက်အအုံနေရာ တို့ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန် ယနေ့တစ်ရက်တာ အထူးဖွင့်လှစ်ပြသခဲ့သည်။ ကျန်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ထားရှိပြီး ယနေ့၌အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အစည်းအဝေးခန်းမ၊ အာဇာနည်ခေါင်းဆောင်များကျန်ရှိခဲ့သည့် ပစ္စည်း ၂၈ မျိုးပြခန်း၊ သက်တမ်းရာကျော်ရှိသည့် ပါလီမန်အဆောက်အအုံအတွင်း ခင်းကျင်းပြသမှုနှင့် အခြားလေ့လာစရာ သမိုင်းဝင်မှတ်တမ်းများကို အများပြည်သူအထူးစည်ကားများပြားစွာ ဝင်ရောက် ကြည့်ရှုလေ့လာကြသည်။
ဦးညွှတ်အလေးပြု
(၇၆) နှစ်မြောက် အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဥဩဆွဲအချက်ပေးစဉ် ယာဉ်နှင့်ပြည်သူများကရပ်တန့်၍ ဦးညွှတ်အလေးပြုခဲ့ ကြသည်။
သတင်းစဉ်