Skip to main content

အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အထူးကုဆေးရုံကြီး ခုတင်-၅၀၀ (ရန်ကုန်)သို့ရောက်ရှိပြီး (၅၇)ကြိမ်မြောက်အဖြစ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်လူနာကို ကြည့်ရှုအားပေးစကား ပြောကြားသည်။ အဆိုပါလူနာကို အစ်မအရင်းဖြစ်သူက ကျောက်ကပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကျောက်ကပ်လှူဒါန်းသူသည် ကျန်းမာရေးကောင်းမွန်ပြီးဖြစ်သဖြင့် ဇူလိုင် ၁၃ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်သည်။ လူနာ၏ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်ပြီး အထူးကုဆေးရုံကြီးခုတင်-၅၀၀ (ရန်ကုန်)၌ သက်ဆိုင်ရာပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ဆက်လက်၍ အနီးကပ်ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးခွဲစိတ်ကုသမှုများကို တိုးတက်ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လူနာများ၏အကျိုးကျေးဇူးအတွက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ပုံမှန်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးသုတေသနဦးစီးဌာန၌ကျင်းပသည့် အမျိုးသားအဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ အစည်းအဝေးသို့တက်ရောက်ပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ အသက်အရွယ်အလိုက် အပိုဆောင်းကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရေးနှင့် အမီလိုက်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလွှမ်းခြုံမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု၊ အမီလိုက်ကာကွယ် ဆေးထိုးနှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

သတင်းစဉ်