Skip to main content

(၇၆)နှစ်‌မြောက် အာဇာနည်နေ့၌ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ လာရောက်လေ့လာသူများပြား

နတ်မောက် ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ယနေ့နံနက် ၇ နာရီ အချိန်မှ စတင်ဖွင့်လှစ်ပြသခဲ့ရာ အနယ်နယ်အရပ်ရပ်ကပြည်သူများ လာရောက်ကြည့်ရှုသူများပြားကြောင်း သိရသည်။

နတ်မောက်မြို့၌ (၇၆)နှစ် မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပုံစံငယ် (ရန်ကုန်မြို့) ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများ၊ အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိနှင့်ဓာတ်ပုံများ၊ ၁၉၁၅ မှ ၁၉၄၇ ခုနှစ်အထိ ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေး လောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ မိသားစုဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝစသည့် အကြောင်းအရာများကိုပြသထားခဲ့ရာ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူများလာရောက်လေ့လာ ကြည့်ရှုကြသည်။

ပြတိုက်သို့ လာရောက်လေ့လာသူများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမကွေးဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုညိုသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများမှ လူဝင်လူထွက်များကို လုံခြုံရေးအရကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ လာရောက်ကြည့်ရှုသည့်ဧည်သည်တော်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေးတိုင်းဒေသကြီးမှထုတ်ဝေသည့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်လက်ကမ်းစာစောင်များကို ပြည်သူများအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း