ရန်ကုန် ဇူလိုင် ၁၉
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားတွင် အာဇာနည် မိသားစုဝင်များ၏ အမှတ်တရစကား များကို စုစည်းဖော်ပြလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏သား ဦးအောင်ဆန်းဦး
အာဇာနည်တွေက မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တာဆိုတော့ လွတ်လပ်ရေးရတုန်းက ချမှတ်ထားတဲ့ယုံကြည်မှုအပေါ် မူတည်ပြီးတော့ ရေးဆွဲထားတဲ့ ညီညွတ်မှုအခြေခံဥပဒေက အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒီမှာ မြန်မာလူမျိုးဆိုတာ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ နိုင်ငံအဆင့်ကတော့ မြန်မာနိုင်ငံဆိုပြီးတော့ ဗမာနိုင်ငံမဟုတ်ဘူး၊ မြန်မာနိုင်ငံ၊ အဲဒီအတိုင်းပဲစဉ်းစားပြီးလုပ်ကိုင်မှ ယဉ်ကျေးမှုရမှာ။ ဒီနေ့လည်း အာဇာနည်နေ့ ပန်းခွေချပြီးရင် နှစ်မိနစ်၊ သုံးမိနစ်လောက် တိုင်းပြည်နဲ့လူမျိုးနောက် အာဇာနည်အားလုံးကို မေတ္တာပို့အမျှပေးဝေမှာပါ။ နိုင်ငံသားတွေအနေနဲ့ အမှန်အတိုင်း စဉ်းစားတတ်ဖို့က အရေးကြီးတယ်။ ပညာရေးစနစ် စဉ်းစားပုံစဉ်းစားနည်းစနစ်ကို ပထမဆုံး အမြန် ဆုံး မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ အခုက မစဉ်းစားတတ်တဲ့သူတွေကို အချင်းချင်း မညီညွတ်အောင်လုပ်နေတဲ့ အပိုင်းတွေရှိတယ်။ ပြည်သူလူထုက စဉ်းစားပြီး ညီညီညွတ်ညွတ်နေကြဖို့ အရေးကြီးတယ်။
သခင်မြ၏သား ဦးရဲမြင့်အောင်
ဒီနေ့ဒီရက်မှာ သတိရပေးတဲ့အတွက် ကျေနပ်ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေက ကိုယ်ကျိုးစွန့်ခဲ့ ကြတယ်။ တိုင်းပြည်ချစ်တယ်။ သူတို့ရဲ့စိတ်ဓာတ်က လွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတဲ့စိတ်ကလွဲလို့ ဘာမှမရှိဘူး။ သူတို့တွေရဲ့ စိတ်ဓာတ်တွေက ချီးကျူးစရာကောင်းပါတယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ တိုင်းတစ်ပါးရဲ့ လက်အောက်ခံဘဝကနေ လွတ်လပ်ရေး ရအောင်လုပ်ခဲ့လို့ အာဇာနည်နေ့ဆိုတာ ဖြစ်ခဲ့တာလေ။
ဒီးဒုတ်ဦးဘချို၏မြေး ဦးသန့်ဇင်ချို
အမေရှိကတည်းက မှာသွားတယ်။ သူမရှိလည်း အာဇာနည်နေ့အခမ်းအနားတက်ရောက်ဖို့၊ မောင်နှမတွေ တစ်ယောက်မအားလည်း တစ်ယောက်တက်ရောက်ဖို့ မှာသွားပါတယ်။ ကျွန်တော်တို့လည်း နှစ်စဉ်မပျက်တက်ရောက်ပြီး ဂါရဝပြုပါတယ်။ အဘိုးအတွက်လည်း ဂုဏ်ယူမိရင်းနဲ့ပေါ့၊ အခုလို (၇၆) နှစ်မြောက်နေ့အထိကို လာပြီးတော့ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးများကို ဂါရဝပြုရတာ အားလုံးအတွက်ဂုဏ်ယူမိပါတယ်။ နှစ်စဉ်အစဉ်အလာမပျက် အမြဲတမ်းကျင်းပပေးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။
မန်းဘခိုင်၏မြေး နန့်စိုးစိုးခိုင်
ရှေးဦးစွာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ကျန်းမာရေးကောင်းတဲ့အတွက်ကြောင့် အသက်ရှင်တဲ့အတွက် ကြောင့်လာနိုင်တာပါ။ အခုအာဇာနည် နေ့အခမ်းအနားကို တက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်ယူပါတယ်။ ကျွန်မအဘိုးက အာဇာနည်ခေါင်းဆောင်ဆိုတာ ရအောင်လုပ်တာမဟုတ်ဘူး။ သူ့ရဲ့ပင်ကိုစိတ်က တိုင်းပြည်အတွက် အလုပ်လုပ်ရင်းနဲ့ အာဇာနည်ဖြစ်တာ၊ အာဇာနည်ဖြစ်ခဲ့တာ ဂုဏ်ယူပါတယ်။ အဖေကကိုယ်လုပ်တဲ့အလုပ်တိုင်းမှာ အဘိုးလိုတိုင်းချစ်ပြည်ချစ်စိတ်နဲ့လုပ်ဖို့ အမြဲမှာကြားခဲ့ပါတယ်။ ကျွန်မလည်း နိုင်ငံအတွက်ကျရာအခန်းကဏ္ဍက လုပ်ခဲ့ပါတယ်။ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ နိုင်ငံချစ်တဲ့စိတ်နဲ့ပါပဲ။ ကျွန်မအဘိုးက ချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့တယ်။ မိသားစုကလည်း ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ခဲ့ပါတယ်။ အားလုံး ချစ်ခြင်းမေတ္တာနဲ့ အရာရာတည်ဆောက်ရင် အကောင်းဆုံးပါ။
မန်းဘခိုင်၏သမီး ဒေါ်မြင့်မြင့်ခိုင်
ကျွန်မဖခင် မန်းဘခိုင်ကကရင်ဗမာ ချစ်ကြည်ရေးအတွက် အများကြီးလုပ်ဆောင်ခဲ့တဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်ပါတယ်။ ဖခင်ဆုံးရှုံးရတဲ့အတွက် ကျွန်မတို့နိုင်ငံအတွက် အများကြီးဆုံးရှုံးခဲ့တယ် လို့ပဲခံစားရတယ်။ အာဇာနည်ခေါင်းဆောင်ကြီးရဲ့ မိသားစုဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံ့တာဝန်ကိုလည်း ထမ်းဆောင်ခဲ့တာ ၄၂ နှစ်ရှိပါတယ်။ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့တာပါ။ အခုလည်း လက်ရှိပါဝင်လို့ရတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်။ ကျွန်မဖခင်လိုမျိုး လူမျိုးရေးစိတ်ဓာတ်၊ ချစ်ကြည်ရေးစိတ်ဓာတ်တွေ အပြည့်ရှိအောင် ဝိုင်းဝန်းကြိုးစားရင်းနဲ့ နိုင်ငံတော်အေးချမ်းသာယာအောင် လုပ်ဆောင်ကြပါလို့ တိုက်တွန်းစကားပြောကြားလိုပါတယ်။
မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏သား စဝ်ကိုင်ဖ
ဒီလို အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပပေးတာ အများကြီးကျေးဇူးတင်ပါတယ်။ မဖြစ်မနေတက်ဖြစ်အောင် တက်ခဲ့ပါတယ်။ ဒီနေ့အခြေအနေက ကျန်းမာရေး မကောင်းတဲ့အတွက် ဝှီးချဲနဲ့ လာခဲ့ရတာပါ။
ဦးရာဇတ်၏သား ဦးလှကြည်
အာဇာနည်တွေရဲ့ အကြောင်းကို မျိုးဆက်သစ်လူငယ်တွေအတွက်က ကျောင်းတွေကဆရာ ဆရာမတွေပြောရင်ပိုပြည့်စုံပါတယ်။ ဆရာမတွေကိုယ်တိုင်က ခံစားရမယ်။ နားလည်ရမယ်။ သူတို့ကတစ်ဆင့် ကျောင်းသားကျောင်းသူတွေကို ပြန်ပြောပေးတာပိုကောင်းပါတယ်။ အာဇာနည်ကြီးတွေရဲ့ သားသမီးဖြစ်တဲ့အတွက် ငယ်ငယ်က ကျောင်းသားဘဝက သိပ်မသိဘူး။ အတန်းကြီးလာတော့ ဆရာဆရာမတွေ၊ ဝန်ထမ်းအချင်းချင်းကစပြီး လေးလေးစားစား ဆက်ဆံတဲ့အတွက် ပီတိဖြစ်မိပါတယ်။ သမ္မတကြီးမန်းဝင်းမောင် လက်ထက်ကျမှ နိုင်ငံတော်ဈာပနဆိုပြီး မိသားစုဖိတ်တယ်။ သူတို့ ကိုယ်တိုင်ဂါရဝပြုပါတယ်။ အလေးပြုတယ်၊ ဝမ်းသာတယ်၊ ကျေးဇူးတင်တာပေါ့။
ဦးအုန်းမောင်၏သား ဒေါက်တာမင်းမြင့်
နှစ်တိုင်းတက်ရောက် ဂါရဝပြုနေကျပါ။ နိုင်ငံတော်ကလည်းကျကျနန နှစ်စဉ်အကုန်လုပ်ပေးတယ်။ ဆရာ့ အမေက မဆုံးခင်ကတည်းကမှာသွားတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ ဆရာ့အဖေအပါအဝင်ရယူပေးသွားတဲ့ လွတ်လပ်ရေးအတွက် ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ ဆရာတို့ကျန်းမာသရွေ့ အာဇာနည်နေ့ကို တက်ရောက်ဖို့လိုတယ်ဆိုပြီး။ အာဇာနည်နေ့ဆိုတာ နိုင်ငံတော်ကကျင်းပတဲ့ အခမ်းအနားဖြစ်တဲ့အတွက် ဘယ်သူကဦးဆောင်ဆောင် ဆရာတို့ကကျန်းမာ ရေးကောင်းရင်တက်ဖို့ အဆင်သင့်ပါ။
ဆရာ့အဖေက တစ်ချိန်ကနိုင်ငံခြား က ICS အောင်လာတော့တိုင်းမင်းကြီး အနေနဲ့မြစ်ကြီးနားမှာလုပ်ခဲ့တယ်။ ဗိုလ်ချုပ်ကသိတယ်။ အဖေ့ကို ပြန်ခေါ်တယ်၊ အတွင်းဝန်ဆိုပြီး ဗိုလ်ချုပ်က အားကိုးတယ်၊ ပင်လုံညီလာခံကိုအခြေခံပြီး ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်ကိုသွားပြီး ဗြိတိသျှဝန်ကြီးချုပ်ကို ရအောင်ပြောခဲ့တယ်။ အောင်ဆန်း - အက်တလီ စာချုပ်ချုပ်ဆိုပြီးလုပ်ကြံခံရတော့ ဝန်ကြီးချုပ်ဦးနုကဆက်ပြီးအကောင်အထည်ဖော်တယ်။ အဲဒါကြောင့် နု-အက်တလီစာချုပ် ဖြစ်လာတယ်။ နောက်ဆုံးလွတ်လပ်ရေးရခဲ့တယ်။ အချုပ်ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရုံးရည်နှလုံးရည်ပြောင်မြောက်မှု၊ သတ္တိရှိမှုတို့ကို နောင်လာနောက်သား လူငယ်တွေအတုခိုးပြီး အဲဒီလိုကြိုးစားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။
ရဲဘော်ကိုထွေး၏တူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) အောင်ကိုကို
(၇၆)နှစ်မြောက် အာဇာနည်နေ့မှာအဘအနေနဲ့ လွန်ခဲ့တဲ့ ၇၆ နှစ်ကကျဆုံးသွားကြတဲ့ အာဇာနည်ကိုးဦး အပါအဝင် အဲဒီအချိန်က နိုင်ငံ့ခေါင်းဆောင်ကြီးတွေ အမျိုးသားခေါင်းဆောင်ကြီးတွေကို နှမြောတသလွမ်းဆွတ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသားခေါင်းဆောင်ကြီးတွေက အဲဒီအချိန်က တာဝန်ကြီးသုံးခုကို ထမ်းဆောင်ခဲ့ကြတယ်။ ပထမတာဝန်က မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာရရှိရေးဆိုတဲ့ တာဝန်၊ ဒုတိယတာဝန်က တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရရှိရေးဆိုတဲ့တာဝန်၊ နောက် တတိယတာဝန်က မြန်မာနိုင်ငံလွတ်လပ် ရေးရရှိပြီးတဲ့အချိန်မှာ ဖွံ့ဖြိုးတိုးတက် စည်ပင်ရေးဆိုတဲ့တာဝန်တွေ အဲဒီအချိန်က လုပ်လို့တော့မရသေးဘူး။ ဒါပေမယ့် စီမံကိန်းတွေချပြီးတော့ လုပ်ခဲ့ကြတယ်။ အဲဒီတာဝန်သုံးခု ထမ်းဆောင်နိုင်တုန်းမှာ မမျှော်လင့်ဘဲကျဆုံးသွားကြတယ်။
ဒါပေမယ့် လွတ်လပ်ရေးရရှိပြီး အချိန်မှာလည်း ခေတ်အဆက်ဆက်အစိုးရအသီးသီးက ဒီလုပ်ငန်းတာဝန် သုံးရပ်ကိုဆက်ပြီး ဆောင်ရွက်ခဲ့ကြတယ်။ ကိုယ့်နည်းကိုယ်ဟန် ကိုယ့် မူဝါဒနဲ့ပေါ့။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ၇၆ နှစ်ကြာတဲ့အချိန်မှာ တွေ့ကြုံနေရတာက ဒီတာဝန်ကြီးသုံးရပ်၊ အရေးအရာကြီးသုံးရပ်ကို နှောင့်ယှက်ဖျက်ဆီးနေတဲ့သူတွေ ရှိနေတာတွေ့ရတဲ့အတွက် ဝမ်းနည်းစရာပါ။ ဗိုလ်ချုပ်ဆိုရင် လူငယ်ပါပဲ၊ ကျဆုံးချိန်မှာ ၃၂ နှစ်ပဲ၊ ရဲဘော် ကိုထွေးဆိုလည်း ၁၈ နှစ် မပြည့်သေးဘူး။ သူတို့လူငယ်တွေက နိုင်ငံအတွက်ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြတယ်။ ဗိုလ်ချုပ်ဆိုရင် နိုင်ငံအတွက်လုပ်ခဲ့တာ နည်းတာမဟုတ်ဘူး။ လူငယ်တွေဆိုပေမယ့် ကြိုးစားပမ်းစားလုပ်ခဲ့ကြတယ်။ အခုတာဝန်ကြီး သုံးရပ်ကိုဆန့်ကျင်ဖီလာတဲ့ စိတ်ထားတွေနဲ့ လူငယ်တွေလုပ်နေကြတယ်။ အဲဒီလို လုပ်တဲ့အတွက် များစွာစိတ်မကောင်း ဖြစ်မိပါတယ်။ လူငယ်ဘဝမှာ နိုင်ငံကောင်းဖို့အတွက် ကြိုးစားအားထုတ်နေတဲ့ လူတွေဖြစ်ပါစေ၊ ပြည်ပကနေအိုးမဲသုတ်နေတာကိုသိပြီး နိုင်ငံတိုးတက်ရေးအတွက် ညီညီညွတ်ညွတ်လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။
သတင်းစဉ်