ရန်ကုန် ဇူလိုင် ၁၉
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ဂါရဝပြုသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် အဖွဲ့ဝင်များနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
လွမ်းသူ့ပန်းခွေကိုချ အလေးပြု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့သည် တက်ရောက်လာကြသူများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။
တိုင်ဝက်သို့လျှော့ချလွှင့်ထူ
ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံကိုဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့ကသေနတ်မြှောက်၍ လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော်အလေးပြုခရာမှုတ်၍လည်းကောင်း အလေးပြုကြပြီး နှစ်မိနစ်ငြိမ်သက်၍ မေတ္တာပို့သအမျှပေးဝေကြသည်။
ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချဂါရဝပြုကြပြီး မေတ္တာပို့သအမျှပေးဝေကြသည်။
လွမ်းသူ့ပန်းခွေချ အလေးပြု
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ပန်းချီ/ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံဆရာဝန် အသင်းတို့အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ယင်းနောက် (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသားကျောင်းသူများ၊ အများပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက်အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီး များကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးခဲ့သည်။
ပြည်သူများ ပိုမိုလာရောက်ဂါရဝပြု
ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)များသို့ အများပြည်သူများ ပိုမိုလာရောက်ဂါရဝပြု လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်