Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက်ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

Uနေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၁၉

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်းရာကုန်းကျေးရွာရှိ လယ်မြေ(၈၅)ဧကအတွင်း စုပေါင်းထွန်ယက်ပွဲနှင့် အကျိုးဆောင်တောင်သူများဖြင့် မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်ရန် ပျိုးထောင်ထားရှိသည့် ပျိုးခင်းများအား ယူရီးယား မြေဩဇာနှင့် စူပါဘိုကာရှိ မြေဆွေးရောစပ်၍ စုပေါင်းကြဲပက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး စူပါဘိုကာရှိမြေဆွေး လက်တွေ့ပြုလုပ်ပြသနေမှုကို ကြည့်ရှုအားပေးကာ တောင်သူများအား သဘာဝဓာတ်မြေဩဇာပြုလပ်ရာ၌ အသုံးပြုသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်ထားသော အသင့်သုံး EM ဖျော်ရည် ဘူးများ ပေးအပ်၍ လိုအပ်သည်များ မှာကြားသည်။

အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်၍ သံဃာတော်များအား ဝါဆိုင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အတူ စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်ကျော်မိုးသည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ သိန်းတန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မုန်တိုင်းလွန် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ၎င်းတို့၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပျားလည်ချောင်းကျေးရွာ၌ ထောက်ပံ့ပေးအပ်ထားသော GW – 11 မျိုးစပါးများကို ကောက်စိုက်စက်များဖြင့် စိုက်ပျိုးရန်ပျိုးထောင် ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အလားတူ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သော ခရိုင်/ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၆/ ဃ) ကညင်ချောင်းကွင်းရှိ တောင်သူ ၂၂ ဦး၏ မိုးစပါး ဆင်းသွယ်လတ် စိုက်ဧက ၂၅ ဧကတွင် စပါးများပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။