နေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စေရေးအတွက်ရည်ရွယ်၍ အမြန်လူစီးရထား (၁၈) စင်း၊ စာပို့ရထား (၁၄) စင်း၊ လူစီးကုန်တင်ရထား (၈) စင်း၊ RBE လူစီး(၂)စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထား (၃၅) စင်း၊ စုစုပေါင်းလူစီးရထား (၇၇)စင်းနှင့် ကုန်ရထား (၆) စင်းကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။
ထို့သို့ ခရီးသည်ရထားများ၊ ကုန်ရထားခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာတွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အမြန်ရထား(၄)စင်း၊ စာပို့ရထား (၂) စင်း၊ လူစီးကုန်တင်ရထား (၂) စင်းနှင့် ကုန်ရထား(၃)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန်မှ ဇူလိုင် ၁၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးသို့ ပုံမှန်ထွက်ခွါလာသော အမှတ် (၃) အဆန် လူစီးအမြန်ရထားသည် ည ၉ နာရီ ၁၈ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါးဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀-၂၁)အားအရောက်တွင် ရထားမီးရောင်ဖြင့် သံလမ်းများကွေးနေပြီး ရထားလမ်းဇလီဖားတုံးများ ထောင်လျက်ဖြစ်နေကြောင်း မြင်တွေ့ရသဖြင့် ရထားအား အချိန်မီရပ်တန့်ခဲ့ပြီး ခရီးသည်များ၏ လုံခြုံရေးအရရထားအား ပြန်လည်နောက်ဆုတ်ခဲ့ရာ ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျောက်တံခါးဘူတာသို့ ရောက်ရှိပြီး လမ်းပိုင်းအား ည ၁၁ နာရီ ၅၆ မိနစ်ခန့်တွင် ယာယီပိတ်ခဲ့သည်။
ဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများက ရထားလမ်းတံတားအား မိုင်းထောင်ဖျက်စီးထားမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိ ပေ(၆၀) ကွန်ကရစ်တံတားအမှတ် ၁၆၁ ပေါ်ရှိ အဆန်လမ်းသံလမ်း(၂) ဖက်သည် အရှည်(၁၁)မီတာခန့်နှင့် အစုန်လမ်းပေါ်ရှိ အရှည်(၅၀)မီတာခန့် သံလမ်းများကွေးကောက်ပျက်စီးနေခြင်း၊ ကွန်ကရစ် ဇလီဖားတုံးများပျက်စီးခြင်း၊ တံတား၏ကွန်ကရစ်ကြမ်းခင်း အလျား(၄)ပေ၊ အနံ(၄)ပေခန့် ပျက်စီးနေသဖြင့် ရထားလမ်းပျက်စီးမှုအား ညတွင်းချင်းပြန်လည်ပြုပြင်ခဲ့ကာ လမ်းပိုင်းအား ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် အမှတ် (၃) အဆန် လူစီးအမြန်ရထားသည် ၉ နာရီ ၂၇ မိနစ်၊ အမှတ် (၆) အစုန် လူစီးအမြန်ရထားသည် ၅ နာရီ ၄၅ မိနစ်နှင့် အမှတ်(၄)အစုန်လူစီးအမြန်ရထား သည် ၄ နာရီ ၂၃ မိနစ် နီးစပ်ရာဘူတာများတွင် စောင့်ဆိုင်းကြန့်ကြာခဲ့ရသဖြင့် ရထားစီးခရီးသည် စုစုပေါင်း(၁၅၀၀)ဦးခန့်တို့သည် လမ်းခရီး၌အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ မိုင်းဖောက်ခွဲမှုဖြစ်စဉ်သည် ပုံမှန်ဖြတ်သန်းသွားလာနေသည့် လူစီးရထားများနှင့် ခရီးသွား ပြည်သူများကိုထိခိုက်ပျက်စီးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာမကဘဲ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကိုပါထိခိုက် ပျက်စီးရန်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်တွင် ရထားအားအချိန်မီ မရပ်တန့်နိုင်ခဲ့ပါက ရထားစီးခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်သဖြင့် ပျက်စီးဆုံးရှုံးမှုကြီးမားစွာကြုံတွေ့ရနိုင်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြမ်းဖက် လုပ်ရပ်တစ်ခု ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း(၁၁၂)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း (၄၁)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။ အဆိုပါအကြမ်းဖက် သောင်းကျန်းသူများအား ပြည်သူတစ်ရပ်လုံးမှ ရွံ့ရှာမုန်းတီးလျက် ပြင်းထန်စွာဆန့်ကျင်ကန့်ကွက် ရှုတ်ချမှုများဖြင့် တုံ့ပြန်လျက်ရှိကြောင်း သတင်းရရှိသည်။