Skip to main content

နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေခြင်း အခမ်းအနားနေပြည်တော်၌ ကျင်းပ

နေပြည်တော် ဇူလိုင် ၁၉

၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဝေလင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခန်းမအတွင်းရှိဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့်ဆီမီးတို့ကိုဆက်ကပ် လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌအမှူးပြုသည့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်များက ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရထံမှ သံဝေဂကထာ တရားနာယူကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ အား ရည်စူး၍ ၂ မိနစ် ငြိမ်သက်ဂါရ၀ပြုကြသည်။

 အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)