Skip to main content

စံပြုရမည့်ကောင်းမြတ်သော အရည်အသွေးများ 

ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မိမိတို့သည် အာဇာနည်နေ့သို့ရောက်တိုင်း အတိတ်ကာလက ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် မနားမနေကြိုးပမ်းကြရင်းနှင့် မသမာသူတို့၏ လုပ်ကြံမှုကြောင့် လွတ်လပ်ရေးမရမီ လက်တစ်ကမ်းအလိုတွင် ကျဆုံးခဲ့ရသည့်အဖြစ်ကို ပြန်လည်အမှတ်ရ‌လေ့ရှိကြသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ ထူးခြားထင်ရှားသည့် ကိုယ်ရည်ကိုယ်သွေးနှင့် နိုင်ငံချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် တို့ကိုလည်း ပြန်ပြောင်းအောက်မေ့ကာ အလေးအမြတ်ပြုကြရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ကျဆုံးချိန်တွင် အသက် ၃၂ နှစ်သာရှိသေးပြီး အာဇာနည်ခေါင်းဆောင်များအနက် အသက်အငယ်ဆုံးဖြစ်သည်။ ဗိုလ်ချုပ်၏ ထူးချွန်ထက်မြက်မှု၊ ရိုးသားဖြောင့်မတ်မှု၊ လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံမှုတို့ကြောင့် ဗိုလ်ချုပ်၏ဦးဆောင်မှုကို ကျန်ခေါင်းဆောင်များက ယုံကြည်လေးစားစွာ လိုက်ပါခံယူခဲ့ ကြခြင်းဖြစ်သကဲ့သို့ တောင်တန်း၊ ပြည်မတိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်း စည်းလုံးညီညွတ်စွာ လိုက်ပါခဲ့ကြခြင်းဖြစ် သည်။ ကမ္ဘာကျော် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး နေရူးသည် ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း ဘဝကပင် လေ့လာအကဲခတ်မိပြီး ‘‘အောင်ဆန်း၏ အသိဉာဏ်နှင့် အမြော်အမြင်ကြီးမားမှုသည် သူ၏အသက်အရွယ်နှင့် မလိုက်အောင်ပင် ထူးချွန်ထက်မြက်ကြောင်း" သုံးသပ်ခဲ့သည်။ ထိုစဉ်က အရှေ့တောင်အာရှနိုင်ငံအများစုမှာ နယ်ချဲ့ လက်အောက်ခံကိုလိုနီဘဝ ကျရောက်နေချိန်ဖြစ်ပြီး လွတ်မြောက် ရေးအတွက် ကြိုးပမ်းနေကြသည့် နိုင်ငံအသီးသီးမှ ခေါင်းဆောင် များအနက် ငယ်ရွယ်နုပျိုသော၊ ထူးချွန်ထက်မြက်သော၊ သတ္တိဗျတ္တိနှင့် ပြည့်စုံသော ဗိုလ်ချုပ်အောင်ဆန်းကို နေရူးကအထူးပင် နှစ်ထောင်းအားရ ရှိခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားသည့်အခါ “အောင်ဆန်းကျဆုံးတာဟာ မြန်မာနိုင်ငံ အတွက်သာမဟုတ် အာရှနိုင်ငံအားလုံးအတွက် အလွန်ထူးချွန် ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဆုံးရှုံးရခြင်းဖြစ်တယ်” ဟု မှတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထားနှင့် ပင်ကိုစရိုက်သဘာဝတွင် ရိုးသားဖြောင့်မတ်မှုမှာလည်း ၎င်းနှင့်တွေ့ဆုံ ဆက်ဆံခဲ့ရသူတိုင်းက အသိအမှတ်ပြုကြရသော ကိုယ်ရည် ကိုယ်သွေးတစ်ရပ်ပင်ဖြစ်သည်။ ၁၉၄၅ ခုနှစ်အတွင်း အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု သေနာပတိချုပ် ရေတပ် ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်၏ ညွှန်ကြားချက်အရ ဗြိတိသျှအမှတ်(၁၄) တပ်တော်သေနာပတိ ဗိုလ်ချုပ်ကြီးဆလင်းက ဌာနချုပ်ရှိရာ မိတ္တီလာမြို့၌ ဗိုလ်ချုပ်အောင်ဆန်းအား လက်ခံတွေ့ဆုံခဲ့ရာ မြင်မြင်ချင်းပင် တပ်မှူးကောင်းတစ်ဦးဟု အကဲခတ်မိသည့်အပြင် အင်္ဂလိပ်စကားကို အထူးကျွမ်းကျင်စွာ ပြောနိုင်ပုံ၊ နိုင်ငံတကာရေးရာ၊ ကမ္ဘာ့စစ်မက်ရေးရာအခြေအနေ စသည်တို့ကို နိုင်ငံရေးသိပ္ပံပညာဆိုင်ရာ ဝေါဟာရကြွယ်ဝစွာဖြင့် ဆွေးနွေး‌ပြောဆိုနိုင်ပုံတို့ကိုပါ တွေ့မြင်နိုင်ခဲ့သည်။ ထို့ကြောင့် စစ်ပြီးခေတ်တွင် ဗိုလ်ချုပ်ကြီး ဆလင်းရေးသားခဲ့သည့် Defeat into Victory စာအုပ်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်း၍ “အောင်ဆန်းနှင့်ပတ်သက်၍ ကျွန်ုပ်အနေဖြင့်သူ့အား အထူးလေးစားအထင်ကြီးမိသော အရည်အချင်းကား သူ၏ရိုးသား တည်ကြည်ဖြောင့်မတ်မှုပင်ဖြစ်သည်။ သူသည်စကားကို ပေါ့ပေါ့ဆဆမပြော၊ အလွယ်တကူကတိပေးတတ်သူလည်းမဟုတ်။ သို့သော် တစ်စုံတစ်ခု လုပ်ပါမည်ဟု ကတိပေးပြီးလျှင်မူ မည်သို့ပင်ဖြစ်စေ ကတိတည်စွာ တကယ်လုပ်မည့် လူစားမျိုးဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်မိသည်။”ဟူ၍ ချီးကျူးရေးသားခဲ့သည်။

‘‘လူမှာအရေးကြီးဆုံးက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှုရယ် . . . ဒါပဲဖြစ်တယ်’’ Character and Love of Truth ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ဆိုလေ့ရှိကြောင်း ဗိုလ်ချုပ်၏ အပါးတော်မြဲ (ကိုယ်ရေးအရာရှိ)ဖြစ်သူ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း၏ ထူးချွန်ထက်မြက်မှု၊ ရိုးသားတည်ကြည်ဖြောင့်မတ်မှု၊ ကိုယ်ကျင့်တရားနှင့် အမှန်တရားကို မြတ်နိုးမှုတို့သည် ပစ္စုပ္ပန်ကာလ လူငယ်မျိုးဆက်သစ်များ စံနမူနာအတုယူရမည့် ကောင်းမြတ်သော အရည်အသွေးများပင် ဖြစ်ပါကြောင်း။ ။