နေပြည်တော် ဇူလိုင် ၁၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကုတင်(၅၅၀)ဆံ့ ရန်ကင်းကလေးဆေးရုံကြီးသို့ ရောက်ရှိပြီး မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်၊ နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကြပ်မတ်ကုသဆောင်၊ ကလေးအထူးကြပ်မတ် ကုသဆောင်၊ နှလုံးနှင့်သွေးကြော ပိုက်သွင်းစမ်းသပ်ကုသခန်းတို့၌ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ကလေးဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံအတွင်း ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဆေးရုံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုးတွင်းကာလ ဖြစ်သည့်အတွက် တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း (Fever Surveillance)၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန်မှာကြားပြီး ဆေးကုသရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများကို ဆေးသုတေသနဦးစီးဌာန၌ တွေ့ဆုံ၍ ယခုရာသီသည် မိုးတွင်းကာလဖြစ်သည့်အတွက် တုပ်ကွေးရောဂါများ၊ နမိုးနီးယား အဆုတ်ရောင်ရောဂါများ၊ ဦးနှောက်ရောင်ရောဂါများ ဖြစ်ပွားမှုကို တွေ့ရှိရပါကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ မူဝါများကိုအကောင်ထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ဦးစီးဌာနမှူးများက ဦးဆောင်၍ အနုစိတ်စီမံချက် (Microplan) များရေးဆွဲကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါအပိုဆောင်းကာကွယ်ဆေး ထိုးနှံမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါများ နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်