နေပြည်တော် ဇူလိုင် ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီးရေရှည်တည်တံ့သော တန်ဖိုးမြင့် သဘာဝရော်ဘာထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဌနှင့် တာဝန်ရှိသူများက ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းဆိုင်ရာများ၊ တန်ဖိုးမြင့် ရော်ဘာထုတ်လုပ်မှုလမ်းစဉ်ဖြင့် ထုတ်လုပ်ခြင်းနှင့် အနာဂတ်ရော်ဘာဈေးကွက် အလား အလာတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ရော်ဘာအခြေခံသည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် တိုက်တွန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ရေတိုရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ရော်ဘာအပင်အိုများနေရာတွင် အထွက်နှုန်းမြင့်မားသော ပျိုးပင်များအစားထိုး စိုက်ပျိုးနိုင်ရေး၊ ရော်ဘာနှင့်သားရေပစ္စည်း ထုတ်လုပ်မှုတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုထုတ်လုပ်နိုင်ရေးနှင့် ရော်ဘာနှင့်သားရေ ပစ္စည်းအခြေခံ ကုန်ချောထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်မည့် အခွင့်အလမ်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အရည်အသွေးကောင်း ရော်ဘာတင်ပို့မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်ပသို့တင်ပို့သော ရော်ဘာများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် သတ်မှတ်ကုန်စည်လိုင်းကို တင်ပို့ပါက ပို့ကုန်ရငွေ အပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်