နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ထွက်ကုန်များကိုအသုံးပြု၍ MSME ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင် အလေးထားဆောင်ရွက်ပြီး ကုန်ထုတ်စွမ်းအားများမြှင့်တင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ယခုပြုလုပ်သောအစည်းအဝေးတွင် လူဦးရေများပြားသည့်၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်သည့်၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME ကုန်ထုတ်လုပ်ငန်းများတွင် အားအကောင်းဆုံးဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များအားဖိတ်ခေါ်ပြီး အထူးပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။ ၎င်းတိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် နေပြည်တော်ကောင်စီတို့၏ စုစုပေါင်းလူဦးရေမှာ သန်း ၄၀ ကျော်(နိုင်ငံလူဦးရေ၏ ၅ ပုံ ၄ ပုံ)ရှိပြီး စိုက်ပျိုးမြေဧကသန်းပေါင်း ၄၀ ကျော်ရှိခြင်းကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် အဓိကကျသဖြင့် အထူးဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ဒေသ အလိုက် မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံ၊ ဝါသီးနှံ၊ နှစ်ရှည်သီးနှံနှင့် အခြားသီးနှံများ၏ စိုက်ဧကအခြေအနေ၊ ဒေသတွင်းဆန်ဖူလုံမှု၊ လိုအပ်မှုနှင့်ပိုလျှံမှု၊ ဒေသတွင်း ဆီဖူလုံမှု၊ လိုအပ်မှုနှင့်ပိုလျှံမှု၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေ၊ တစ်ဧကအထွက် နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်ထားမှုများ စသည် တို့ကို ရှင်းလင်းတင်ပြခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “လုပ်ငန်းများလုပ်ဆောင်ရာတွင် လယ်ယာကဏ္ဍကြီးကိုအခြေခံပြီး စက်မှုကဏ္ဍသို့သွားရန် လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမစနစ် ကိုကျင့်သုံးပြီး အစုအဖွဲ့များဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တောင်သူလယ်သမားများ၏အကျိုးကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍသုံးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရကြောင်း၊ ထိုအထဲတွင် လယ်ယာကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း” ပြောကြားခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းအားပြည့်ဆောင်ရွက်ခြင်း အချက်နှစ်ချက်ကို နိုင်ငံတော်က လမ်းညွှန်ထားသည်။ သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးသည် စိုက်ပျိုးသီးနှံအလိုက် လိုအပ်သည့် “မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ လိုအပ်သည့်သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် မြေပြုပြင်မှုဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး အချက်လေးချက်ဖြစ်သည်။ စွမ်းအားပြည့်ဆောင်ရွက်ခြင်းဟူသည် စိုက်ပျိုးမြေအားလုံးတွင် သီးထပ်စွမ်းအားအပြည့် စိုက်ပျိုးခြင်း ဖြစ်သည်။ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍလမ်းညွှန်ချက်များကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်သည်။
အဆိုပါလမ်းညွှန်ချက်များ အောင်မြင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ စိုက်ပျိုးသူတောင်သူများ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုစရိတ်များကို လျှော့ချနိုင်ခြင်း၊ သီးနှံအထွက်နှုန်းများ တိုးတက်လာခြင်း၊ ဒေသတွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်စွမ်းများတိုးတက်လာခြင်း၊ ပြည်တွင်း၌ စားရေရိက္ခာ ဖူလုံမှုရှိခြင်းနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်သဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာမည်ဖြစ်သည်။ မွေးမြူရေးကဏ္ဍတွင်လည်း မိရိုးဖလာမွေးမြူခြင်းများထက် စနစ်တကျမွေးမြူကြမည်ဆိုပါက အသားထုတ်လုပ်မှုများ တိုးတက်လာပြီး ရောင်းလိုအားနှင့်ဝယ်လိုအားမျှတကာ ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့ စနစ်တကျတင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းလာမည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်မြင့်မားလာစေရန်အတွက် ထုတ်လုပ်မှုမြင့်မားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တိုးတက်ဖြစ်ထွန်း လာအောင် အလေးထားဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲက ဆောင်ရွက်ရန်အချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာစေရန်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် အလေးထားဆောင်ရွက်ပြီး ကုန်ထုတ်စွမ်းအားများမြှင့်တင်ရေးကို လမ်းညွှန်ချက်များနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
