ရန်ကုန်၊ ဇူလိုင် ၁၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို) အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)အဖွဲ့ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)သည် ၁၉၁၈ ခုနှစ်တွင် “မြန်မာနိုင်ငံ ပန်းချီအသင်းကြီး” (Burma Art Club)အဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၅ နှစ်သက်တမ်းရှိသည့် အစည်းအရုံးကြီး တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)သည် ခေတ်သမိုင်း အဆက်ဆက်တွင် ပန်းချီပညာရှင်များနှင့် ပန်းချီလောက၏ အကျိုးအပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကိုပါ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ခဲ့သော အစည်းအရုံးကြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး အမှုဆောင်အသစ်ရွေးချယ်ခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပ၍ ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ပါကြောင်း၊ အမှုဆောင်အဖွဲ့ အသစ်အနေဖြင့် အစည်းအရုံးကြီးကို ယခုထက်ပိုမို တိုးတက်အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ကြရန်တိုက်တွန်းပါကြောင်း၊ အစည်းအရုံး၏ရငွေ၊ သုံးငွေစသည့် ဘဏ္ဍာရေးကိစ္စရပ်များကို ဘဏ္ဍာရေးဆိုင်ရာ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပြီး တစ်နှစ်တစ်ခါ စာရင်းစစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးမိုးကျော်သန့်နှင့် တာဝန်ရှိသူများက ပန်းချီပန်းပုအစည်းအရုံး(ဗဟို)အနေဖြင့် ပန်းချီပန်းပုပညာရှင်များ၏ အကျိုးကို ရှေ့ရှု၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံးအနေဖြင့် ပန်းချီပန်းပု ပညာရပ်ဆိုင်ရာ တိုးတက်မြင့်မားစေရန်သာမက ပန်းချီပန်းပုလောကသားများ၏ အကျိုးစီးပွား အတွက်လည်း တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင် ရိုးရာပန်းဆယ်မျိုး ပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်