Skip to main content

မိုခါမုန်တိုင်းနှင့်စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

တွေ့ဆုံမေးမြန်း-ဝင်းဝင်း

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Center- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ(၁၂)ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းကော်မတီ(၁၂)ခုအနက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်-

မေး။ ။ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုဆောင်ရွက်ခဲ့တယ် ဆိုတာကို သိလိုပါတယ်။

ဖြေ။ ။ကပ္ပလီပင်လယ်ပြင်နဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်လာမယ့် လေဖိအားနည်းရပ်ဝန်းရဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ စပ်လျဉ်းပြီး မေလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်တဲ့ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်တွေထဲက ကျွန်တော်တို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီနဲ့သက်ဆိုင်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် သစ်လုံး၊ သစ်ခွဲသားတွေကို စနစ်တကျ တွက်ချက်ပြင်ဆင်ထားရှိပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre- DMC) ကို မေလ ၈ ရက်နေ့ စတင်ဖွင့်လှစ်ချိန်ကစပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ကျွန်တော်က နေ့စဉ်ဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှု၊ ရှေ့ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ တင်ပြဆွေးနွေးတာတွေ ဆောင်ရွက်နေသလို ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့ကလည်း နေ့စဉ်နံနက် ၈ နာရီကနေ ည ၈ နာရီအထိ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ အစီရင်ခံစာ ပြုစုတင်ပြတာတွေကို ဆောင်ရွက်နေကြပါတယ်။

လုပ်ငန်းကော်မတီအနေနဲ့ မုန်တိုင်းမတိုက်မီကတည်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် သစ်လုံး၊ သစ်ခွဲသားတွေကို သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ်ငန်းတို့နဲ့ ညှိနှိုင်းပေါင်းစပ်ပြီး စာရင်းဇယားပြုစုတာ၊ တောတွင်းနေရာ တွေအပါအဝင် သယ်ယူဖို့လွယ်ကူတဲ့ နေရာတွေက သစ်လုံး၊ သစ်ခွဲသား၊ ပင်ကျပ်တိုင်တွေ ဆွဲထုတ်တာ၊ သစ်လုံးတွေကို ခွဲစိတ်ပြီး စုရပ်နေရာတွေကို သယ်ပို့စုပုံတာ၊ ရန်ကုန်ဆိပ်ကမ်းနဲ့ တောင်ကုတ်ဆိပ်ကမ်းတွေကနေ သင်္ဘောတွေနဲ့ စစ်တွေမြို့ကို သယ်ယူပို့ဆောင်နိုင်ဖို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာနမှာ နေ့စဉ်ကျင်းပတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေမှာ ညှိနှိုင်းတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

မေး။ ။ မုန်တိုင်းတိုက်ခတ်ပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်မှုတွေကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်းမှာလည်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဇွန်လ ၂၉ ရက်နေ့အထိ သစ်ခွဲသား ၂၈၈၆ တန်နဲ့ ပင်ကျပ်တိုင် ၂၉၈၂ လုံးကို စစ်တွေမြို့ကို ပို့ဆောင်ပြီးဖြစ်ပါတယ်။ မောင်တောမြို့ သစ်တောဦးစီးဌာနက လွှဲအပ်ခဲ့တဲ့ ပင်ကျပ်တိုင် ၃၃၁ လုံးကိုလည်း မောင်တောမြို့နယ် မြို့ယုကျေးရွာကို ဇွန်လ ၁၈ ရက်နေ့က ဖြန့်ဖြူးပေးနိုင်ခဲ့ ပါတယ်။ သစ်တွေခွဲစိတ်ဖြတ်တောက်ဖို့အတွက် လိုအပ်တဲ့ရွေ့လျားသစ်ခွဲစက် ၁၀ စုံ၊ Chain-saw ၃၉ လက်၊ ယန္တရား (Clark) လေးစီးနဲ့ အင်ဂျင်နီယာနဲ့ ကျွမ်းကျင်ဝန်ထမ်း ၁၂ ဦးကိုလည်း စစ်တွေမြို့ကို ပို့ဆောင်ခဲ့ပြီး ဖြစ်ပါ တယ်။

ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းကနေပို့ဖို့အတွက် သစ်ခွဲသား ၇၂ တန်ကို ရန်ကုန်သစ်စက်တွေမှာ ထပ်မံခွဲစိတ်စုစည်းထားရှိပါတယ်။ စစ်တွေမြို့ကို ပို့ဖို့အတွက် တောင်ကုတ်မြို့ အငှားစက်တွေမှာ သစ်ခွဲသားလက်ကျန် ၁၃၃ တန် အသင့်ရှိပြီး သံတွဲမြို့မှာတော့ ထပ်မံခွဲစိတ်ပြီးထွက်ရှိတဲ့ အသင့်သုံးခွဲသား ၁၈ တန် ရှိနေပါတယ်။ အားလုံးကို ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။      ။