Skip to main content

တောင်သူများကိုယ်တိုင်ပါဝင်သော မျိုးစေ့မျိုးမှန်စပါးနှံယူသည့် ကွင်းသရုပ်ပြပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၉

မျိုးစေ့မျိုးမှန် စပါးနှံယူသည့် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာ မဒန်းဆည် ရေသောက်စနစ်ကွင်းအမှတ် (၁၈၀၁) ၌ ကျင်းပသည်။

သရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မျိုးကောင်းနှင့် မျိုးသန့်ထုတ်လုပ်ရေးသည် သီးနှံများ အထွက်တိုးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် များစွာအရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဌာန၊ ပုဂ္ဂလိကကဏ္ဍသာမက တောင်သူလယ်သမားများ ကိုယ်တိုင်ထဲထဲဝင်ဝင်ပါဝင်ရေးသည် များစွာအရေးကြီးကြောင်း၊ မျိုးကောင်း၊ မျိုးသန့်မှ စပါးကောင်းမည်ဖြစ်ပြီး စပါးကောင်းမှ ဆန်ကောင်းမည်ဖြစ်သည့်အတွက် တောင်သူများ ကိုယ်တိုင်ပါဝင်သော စပါးသီးနှံမျိုးကောင်း မျိုးသန့်မျိုးပွားခြင်းလုပ်ငန်းဖွံ့ဖြိုးလာရေးကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စပါးသီးနှံ မျိုးကောင်းမျိုးသန့် မျိုးပွားခြင်းလုပ်ငန်းကို ဒေသခံတောင်သူများ လက်တွေ့ဆောင်ရွက်နိုင်စေရန်နှင့် ယနေ့မျိုးစေ့မျိုးမှန်စပါးနှံယူသည့်လုပ်ငန်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှစတင်ပြီး စပါးစိုက်ပျိုးသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် မျိုးစေ့မျိုးမှန်စပါးနှံယူသည့် ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသနေတောင်သူများကိုယ်တိုင်ပါဝင်၍ မျိုးစေ့မျိုးမှန် စပါးနှံများကို ရွေးချယ်ခဲ့ကြပြီး မျိုးစေ့မျိုးမှန် စပါးနှံများ အသုံးပြုခြင်းဖြင့် တောင်သူများအတွက် မျိုးစေ့ဖိုးအသုံးစရိတ်သက်သာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ ဒေသရေမြေနှင့် သင့်လျော်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့အသုံးပြုရသဖြင့် စပါးအထွက်နှုန်းတိုးတက်ခြင်း စသည့်အကျိုး ကျေးဇူးများကို တောင်သူများ လက်တွေ့ခံစားနိုင်ကြမည်ဖြစ်သည်။

နည်းစနစ်များအသုံးပြု

လယ်ယာကဏ္ဍ၏ ကုန်ထုတ်စွမ်းအားမြင့်မားလာရေးအတွက် အဓိကလိုအပ်ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မြေဆီသြဇာထက်သန်ကောင်းမွန်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ မှန်ကန်သည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ အသုံးပြုနိုင်ရေးကို ဘက်စုံကဏ္ဍစုံမှ ဖြည့် ဆည်းပေးလျက်ရှိရာ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို တောင်သူများ စိုက်ပျိုးရာသီ အချိန်မီလွယ်လင့်တကူ အသုံးပြုနိုင်ရေးကို ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ်လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မျိုးစေ့သန့်စင်စက်များ တည်ထောင်အသုံးပြုနိုင်ရေးနှင့် တောင်သူများ ဦးဆောင်ပါဝင်သည့် ပိုမိုအားကောင်းသောမျိုးစေ့လုပ်ငန်းများ ထွန်းကားလာရေးအတွက် မျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့များစုဖွဲ့ခြင်းနှင့် မျိုးထုတ်သမဝါယမအသင်းများ ထူထောင်ဆောင်ရွက်နိုင်ရေးကိုလည်း သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်