Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ်အတွေ့အကြုံရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၃၀

ပြည်ပနိုင်ငံများ၌ စာတမ်းဖတ်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးများတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ် အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတကာအတွေ့အကြုံကို အခြေခံပြီးမိမိတို့၏ လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပသို့သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများအား ယခုကဲ့သို့ မျှဝေသည့်အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်သွားရောက်ခဲ့သူများက ကြုံတွေ့ခဲ့ရသော ကျယ်ပြန့်သည့်၊ အများစိတ်ဝင်စားမည့် အတွေ့အကြုံများကို ဆွေးနွေးပေးရန်နှင့် တက်ရောက် နားထောင်သူများက ၎င်းတို့၏ အတွေ့အကြုံမျှဝေမှုအပေါ်တွင် သိသင့်သိထိုက်သည်များ၊ သိရှိလိုသည်များကို မေးမြန်းပေးစေလိုကြောင်း၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲ၊ လေ့လာရေးခရီးစဉ်စသည်ဖြင့် မိမိတို့သွားရောက်ခဲ့သည့် နိုင်ငံတကာအတွေ့အကြုံများကို မိမိ တို့လုပ်ငန်းခွင်အတွက် အကျိုးရှိအောင် ပြန်လည်အသုံးချစေလိုကြောင်း၊ ပြောင်းလဲနေသော ခေတ်ကြီးတွင်  နိုင်ငံတကာအတွေ့အကြုံများကို အခြေခံ၍ မိမိတို့ဌာန၊ လုပ်ငန်းများပိုမို တိုးတက်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဆပ်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင်က စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အာရှဗီဒီယိုလုပ်ငန်းရှင်များအသင်း စားပွဲဝိုင်းဆွေးနွေးပွဲနှင့် အာရှဗီဒီယို ထိပ်သီးဆွေးနွေး ပွဲတို့သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က ကမ္ဘောဒီယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၇)ကြိမ်မြောက် သတင်းမီဒီယာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဒေါ်တင်တင်မြတ် က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံသွင်ပြင်လက္ခဏာနှင့် အာဆီယံ-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးဆိုင်ရာ စာတမ်းဖတ်ပွဲ သို့ တက်ရောက်ခဲ့သည့် အတွေ့ အကြုံကိုလည်းကောင်း၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံ အဏ္ဏဝါ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများဆိုင်ရာ မှတ်တမ်းရုပ်ရှင်ထုတ်လုပ်ခြင်းဖြင့် ရုပ်သံထုတ်လွှင့်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အတွေ့အကြုံ ကိုလည်းကောင်း စိတ်ဝင်စားဖွယ် ဗီဒီယိုကလစ်များဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်