Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ ထောင်ပိုင်ကွင်းဧရိယာ၌ မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များကိုသုံးစွဲရေးနှင့် စနစ်တကျပျိုးထောင်လျက် ပျိုးသက်မှန်စိုက်ပျိုးရန်ဘောင်ဖြင့် ပျိုးထောင်ဆောင်ရွက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အရာရှိရပ်ကွက်ရှိ စန္ဒာလင်္ကာရဘုန်းတော်ကြီးကျောင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူနေသူများကို စားသောက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို ပေးအပ်လှူဒါန်းသည်။ ၎င်းနောက် အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ပြီး ဒေသခံပြည်သူများထံသို့ စနစ်တကျ ကြပ်မတ်ထုတ်ပေးသွားရန် မှာကြားခဲ့သည်။

အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကီမိုခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ထောက်ပံ့ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်တော်မြို့နယ်ရှိ လေဘေးသင့်ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းအတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ထောက်ပံ့လှူဒါန်းသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ မြေပုံမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ လေဘေးသင့်ပြည်သူများအတွက် “စန္ဒီ” ပရဆေးများနှင့် ရေသန့်ဆေးပြားများကို တာဝန်ရှိသူများထံပေးအပ်ပြီး ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးရန် မှာကြားသည်။

အလားတူ မောင်တောမြို့သို့ရောက်ရှိနေသည် ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းမျာသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပြီး စားသောက်ဖွယ်ရာများ၊ ဂတ်စ်မီးဖိုနှင့် ဂတ်စ်ဘူးများ ထောက်ပံ့ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာ ၅ ရွာမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ ဂတ်စ်မီးဖို၊ ဂတ်စ်ဘူးများ၊ ဆပ်ပြတောင့်များနှင့် အမှိုက်ပုံးများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။