Skip to main content

ဇူလိုင် (၃)ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားပြုလုပ်

နေပြည်တော် ဇွန် ၃၀

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၃)ရက်တွင်ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့”ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူး၍ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံလူဦးရေထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်းသည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေးကိုမြှင့်တင်ခြင်းဖြစ်ပါကြောင်း။

 ကိုဗစ်-၁၉အလွန် မြို့ပြနှင့်ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ စီးပွားရေးပြန်လည် ဦးမော့လာနိုင်ရေးအတွက် ကာလတို၊ ကာလရှည်စီမံချက်များ ရေးဆွဲချမှတ်၍လည်းကောင်း၊  အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ပို့ချ၍လည်းကောင်း အမျိုးသမီးများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး (Gender Mainstreaming) ဖြစ်စေရေးအတွက် ၀န်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံအဆင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းထားရှိပါကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့်အတူ ယခုကဲ့သို့ စာတမ်းဖတ်ပွဲကျင်းပခြင်းသည် ဆောင်ရွက်လျက်ရှိသည့် Sustainable Development Goal (SDG-5) - ကျား၊ မတန်းတူ ညီမျှမှုရရှိရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအားလုံး၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်မှုများအနက် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စာတမ်းဖတ်ပွဲဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ လူမှုရေးနှင့် ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာ မျိုးမြတ်မောင်က ASEAN Gender Mainstreaming Strategic Framework (AGMSF) (2021-2025) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ ဒေါ်သူဇာဝေကအမျိုးသမီးများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပါမောက္ခ ဒေါက်တာဒေါ်ခင်မေအုန်းက အမျိုးသမီးများနှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားတင်ပြရာ တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာတမ်းရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

စာတမ်းဖတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ Gender Focal Person များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်