Skip to main content

ကော့ကရိတ်မြို့အတွင်းသို့ KKO (ခွဲထွက်) အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဇွန် ၂၉

 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား KKO (ခွဲထွက်) အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ဇွန် ၂၈ ရက်ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် KKO(ခွဲထွက်)အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အရှေ့မြောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာသွားခဲ့ပြီး အဆိုပါအကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး‌သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိကာ မော်တော်ဆိုင်ကယ် ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့၊ ပုလဲဖြူနာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။