Skip to main content

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှု ကောင်းမွန်ရေးသည် အရေးကြီး

စစ်တွေ ဇွန် ၂၃

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ပြည်နယ်နှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (စစ်တွေ)၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့သို့သွားရောက်ပြီး မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး ပြည်တော် အေး-၄ သင်္ဘောပေါ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ လျင်လျင်မြန်မြန် ဖြန့်ခွဲပေးပို့နိုင်ရေး စီမံဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားကာ ကူညီကယ်ဆယ်ရေးအဖွဲ့များအား ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းတို့သည် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် သံတွဲမြို့သိမ်ကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒက ပြည်နယ်ဝန်ကြီးချုပ်ထံ အလှူငွေကျပ် သိန်း ၅၀ ကို ပေးအပ်လှူဒါန်း သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြရာတွင် မူလအခြေအနေထက် ပိုမို ကောင်းမွန်အောင် ဆောင်ရွက် ပြီးစီးမှုများနှင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နေကြသည့် မြင်ကွင်းများကို တွေ့မြင်ရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများရုံး အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများတွင် အမိုးအကာအောက် ပြည့်စုံလုံလောက်စွာ အမြန်ရောက်ရှိပြီး နိုင်ငံ့တာဝန် များ ကောင်းမွန်စွာ ထမ်းဆောင် နိုင်ရေးသည် အရေးကြီးကြောင်း နှင့် စစ်တွေမြို့ကို သန့်ရှင်းသာယာ လှပသည့် မြို့တစ်မြို့ဖြစ်အောင်စနစ်တကျ စီမံခန့်ခွဲဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ များအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှုကောင်းမွန်ရေးသည် အရေးကြီးကြောင်း၊ ထို့အတူ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ထိထိမိမိ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးမိုဘိုင်းစခန်းများ ထိခိုက်ပျက်စီးခဲ့ရာ ယနေ့အထိ မိုဘိုင်းစခန်းပေါင်း ၁၂၂၇ ခုကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ မိုဘိုင်းဖုန်းဆက်သွယ်ရရှိမှုအနေဖြင့် ၉၉ ဒသမ ၅၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စက်မှုလယ်ယာဦးစီးဌာနသည် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများမှ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ထွန်စက် အစီး ၈၀ ဖြင့် ထွန်ယက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၂ ရက်အထိ မြေဧက ၁၉၀၉ ဧကကို ထွန်ယက်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနသည် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ ၅၇၉ ရွာ၌ ရွေ့လျား ရေသန့်စင်ကား၊ ဆိုလာစွမ်းအင်သုံးရေသန့်စင်စက်နှင့် Life Straw တို့ဖြင့် ရေဂါလန်ပေါင်း ၁၀၃၆၁၈၆ ဂါလန် ဖြန့်ဝေပေးနိုင်ခဲ့ကာ မုန်တိုင်းကြောင့် ဆားငန်ရေဝင်ရောက်ခဲ့သည့် မြေသားရေကန် ၂၃၃ ကန်မှ ရေများ စုပ်ထုတ်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မြေသားရေကန် ၂၃၀ ကို စုပ်ထုတ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ၁၀ မြို့နယ်သို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးထားသည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများနှင့် ဆက်စပ် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်မှုများကြောင့်စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။

ယနေ့ညပိုင်းတွင် မြောက်ဦး မြို့ရှိ ဓာတ်အားခွဲရုံမှတစ်ဆင့် မြောက်ဦးမြို့ပေါ် ရပ်ကွက် ခုနစ် ရပ်ကွက်နှင့် ကျေးရွာ ၂၆ ရွာကို လည်းကောင်း၊ မင်းပြားဓာတ်အား ခွဲရုံမှတစ်ဆင့် မင်းပြားမြို့ပေါ် ရှစ်ရပ်ကွက်နှင့် ကျေးရွာ သုံးရွာ သို့လည်းကောင်း၊ မြေပုံ ဓာတ်အား ခွဲရုံမှတစ်ဆင့် မြေပုံမြို့ရှိ ရပ်ကွက်ကိုးခုနှင့် ကျေးရွာ ငါးရွာသို့ လည်း ကောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

===============